Wednesday, March 30, 2016

ဇော(7)ကြိမ်အကျိုးပေးပုံ

ဇော(7)ကြိမ်အကျိုးပေးပုံ

ဖတ်ဖြစ်အောင်ဖတ်ပါ
မိမိတို့စိတ်ကြောင့်မိမိတို့ကပ်ဘေးဆိုက်ကြရပုံပါ
အကုသိုလ်ဇောကြောင့်ကပ်ဆိုက်ကြရပုံ

အားလုံးသောယောဂီသူတော်စင်အပေါင်းနှင့်
သံသရာဆွေတော်မျိုးတော်ညီကိုမောင်နှမအပေါင်းတို့
မိမိတို့အကုသိုလ်စိတ်တစ်စိတ်ပေါ်တိုင်းပေါ်တိုင်း
ဇော(7)ကြိမ်ပေါ်ရတယ်ဆိုတာမှတ်ထားပါ

ဒီအကုသိုလ်စိတ်တွေဟာမိမိရဲ့ပစ္စုပ္ပန်နဲ့သံသရာ
နှစ်ဖြာအကျိုးကိုများစွာသောဝဋ်ဒုက္ခဘေး
များအဖြစ်ချက်ချင်းလက်ငင်းအကျိုးပေးပါတယ်
ခုလိုဆုတ်ခေတ်ကာလမှာဆိုဒိဋ္ဌဓမ္မဝေဒနိယကံ
အဖြစ်နဲ့ချက်ချင်းဘဝမကူးနောက်ဘဝမှမဟုတ်ပဲ
ဒီဘက်ဘဝမှာတင်ကိုအကျိုးပေးပါတယ်

ဇော(7)ကြိမ်ဘယ်လိုပေါ်ပါလိမ့်မတုန်းဆိုတော့
လောဘစိတ်ပဲဖြစ်ဖြစ်
ဒေါသစိတ်ပဲဖြစ်ဖြစ်
မောဟစိတ်ပဲဖြစ်ဖြစ်
ဝိစိကိစ္စာစိတ်ပဲဖြစ်ဖြစ်
ပြန့်လွှင့်စိတ်ပဲဖြစ်ဖြစ်
သူတစ်ပါးအသက်သတ်ချင်တဲ့စိတ်ပဲဖြစ်ဖြစ်
သူတစ်ပါးလည်လှီးသတ်တဲ့စိတ်ပဲဖြစ်ဖြစ်
သူတစ်ပါးဥစ္စာငါ့ဟာဖြစ်စေလိုတဲ့စိတ်ဖြစ်ဖြစ်
သူတစ်ပါးသားမယားလင်သမီးပျိုစော်ကားစိတ်ပဲ
ဖြစ်ဖြစ်စသည်အားဖြင့်ပေါ့မိမိတို့ရင်ထဲက
အကုသိုလ်စိတ်တစ်စိတ်ပေါ်တိုင်းပေါ်တိုင်း
ဇောခုနစ်ကြိမ်ဖြစ်ပါတယ်

မကောင်းတဲ့စိတ်ပေါ်ပေါ်
ကောင်းတဲ့ကုသိုလ်စိတ်ပေါ်ပေါ်
ဝိပဿနာဖြစ်ပျက်မြင်တဲ့မဂ်ပဲပေါ်ပေါ်ပါ
စိတ် တစ်ချက်ပေါ်တိုင်းမှာ
ဇောခုနစ်ကြိမ်ပါပြီးသားလို့မှတ်ပါ

မိမိတု့အကုသိုလ်တစ်ခါပြုရင်ဇောခုနစ်ကြိမ်တောင်ဖြစ်ပါပေါ့လားလို့သိကြပါဒါဆိုသဘောပေါက်လောက်ရောပေါ့

အကျိုးပေးကိုရှင်းပြပေးမယ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပထမအကုသိုလ်စိတ်ကလေးထဲမှာစေတနာလဲပါတယ်လုပ်ချင်တဲ့စိတ်ကလေးပါတယ်ဒါကြောင့်လုပ်ဖြစ်အောင်လုပ်တယ်ဒီထဲမှာပါတဲ့စေတနာက
ဒီဘဝအကျိုးပေးရမယ်လို့မှတ်ထားပါ

ဒီဘဝဘယ်ထျိန်ကစလို့အကျိုးပေးမလဲလို့မေးလာ
ရင်ဖြင့်မိမိအကုသိုလ်စိတ်ပေါ်တဲ့အချိန်ကစပြီး
ခုပေါ်ရင်ခုချိန်ကစပြီး
ခုနစ်ရက်အတွင်း
ခုနစ်လအတွင်း
ခုနစ်နှစ်အတွင်း အကျိုးပေးနိုင်စွမ်းတဲ့
သူ့စွမ်းရည်သတ္တိအကျိုးပေးပုံကို
ကန့်သတ်တဲ့ရက်လို့သဘောကျ
နားလည်ကြပါ

ဒါကြောင့်ဘုရား ရဟန္တာ အရိယာသူတော်ကောင်း
ကြီးတွေက မွေးကတည်းကစိတ်နဲ့နေ
ပုထုဇဉ်အန္ဓ
ပုထုဇဉ်ဗာလ
တွေကိုအလွန်သနားတော်မူကြတာပေါ့

အမေမွေးအဖေမွေးသာမန်သာမညစိတ်ကလေးနဲ့နေ
ဒီစိတ်နဲ့သာသေဒီဘက်ခေတ်မှာဆိုသဲအင်းဆရာတော်ကြီးကနတ်ဂတိ
လူ့ကတိမှာဆယ်သိန်းသေလို့တစ်ယောက်
သုဂတိဘုံပြန်တယ်လို့ မမြင်ဘူးဆိုပြီး
ရဲရဲကြီးမိန့်ထားတာပေါ့

ဘာလို့လဲဆိုတော့ဇေ ၇ ကြိမ်ထဲကမထမဇောက
ဦးဆုံးပထမ ဒီဘဝချက်ချင်းအကျိုးပေးရတာဆိုတော့
သူတော်ကောင်းကြီးတွေ
အကုန်အစင်သိမြင်တော်မူတဲ့ဘုရားတို့က
ဟောနိုင်ပြောနိုင်တာပေါ့

မိမိတို့ကုသိုလ်ဇောပြုတဲ့အချိန်
ဝိပဿနာဖြစ်ပျက်မြင်အောင်အားထုတ်နိုင်ကြတဲ့
ဇောအကြိမ်နဲ့
အကုသိုလ်စိတ်နဲ့နေကြတဲ့ဇောအကြိမ်
အဘယ်ကများ ဖြေကြည့်ပါလား
တခဏတစ်အောင့်လောက်စဉ်းစားပြီးတော့ပေါ့
အဖြေကရှင်းပါတယ်

တစ်နေကုန်အောင်ကုသိုလ်စိတ်နဲ့မနေနိုင်ပါဘူးပေါ့
တစ်နေကုန်အောင်ဖြစ်ပျက်မဂ်
ကိုက်အောင်မပေါ်ဘူးပါဘူးဆိုတဲ့အဖြေပဲထွက်လာ
ကြပါလိမ့်မယ်

ဒါပေမယ့်ဖြစ်ပျက်မဂ်ကိုက်နေအောင်ပေါ်တဲ့
ဇောများများပေါ်လေလေထိုသူအတွက်တော့
စိတ်အေးရပြီမှတ်ကြပါ

လူအတော်များများကိုပြန်ကြည့်ကြပါ
တစ်ကမ္ဘာလုံးပေါ့ဝိပဿနာဖြစ်ပျက်မြင်
စိတ်နဲ့နေတဲ့သူနဲ့
အကုသိုလ်စိတ်နဲ့နေတဲ့သူအဘယ်သူကများသလဲပေါ့

ဘုရားလက်မလက်သည်းပေါ်ကမြေမှုန့်နဲ့
ဟောကမ္ဘာမြေထုလောက်ကွာဟနေမှာအမှန်ပါ
ဒါလောက်သဘောပေါက်ကြရင်ဖြင့်
တို့ဘုရားရှင်ရဲ့ဉာဏ်တော်ကိုအလွန်
အတိုင်းထက်အလွန်ကြည်ညိုစိတ်ဖြစ်နေမှာ
တကယ်ပါ

နီပေါလိုနိုင်ငံကြီးမကြာသေးသောကာလမှာ
ယစ်နတ်ပူဇော်ကြတာကိုပမာပုံပြုလို့ပဲ
ဥပမာပေးပါရစေ

ဒါမဝေသေးသောကာလတစ်ခုရဲ့သက်သေတစ်ခုပါ
ဒီအပြုတွေအမူအကျင့်တွေလုပ်ကြတဲ့
မြို့ရွာဒေသတိုင်းပြည်များမှာ
အမြဲကပ်ဘေး
သေခြင်းဆိုးဘေး
ရန်သူမျိုးငါးပါးဘေး
သဘာဝဘေး
စစ်ဘေး
လူအချင်းချင်းအသေခံသတ်ဖြတ်တဲ့ဘေး
လူကိုလူလို့မမြင်ကြတော့ပဲ
သားကောင်လို့မြင်လာကြတဲ့ဘေး
အနာရောဂါဆန်းကြီးနဲ့ကြုံကြရတဲ့ဘေး
စသည်စသည့်ဘေးဆိုးကြီး
အကုသိုလ်စိတ်အကျိုးပေးကြီးတွေကို
မျက်ဝါးထင်ထင်မမြင်ချင်
မကြားချင်မှအဆုံး
နေ့စဉ်လိုလို
လစဉ်လိုလို
နှစ်စဉ်လိုလို ကြားနေကြရတာတွေဟာ
ဒါဘယ်သူ့လက်ချက်လဲလို့
မမေးကြပါနဲ့

မေးလာရင်လဲအဖြေကရှိနှင့်ပြီးသားပါ
ဒီကမ္ဘာပေါ်မှရှိသမျှလူသားအားလုံးတို့ရဲ့
အကုသိုလ်စိတ်တို့ရဲ့
ပထမဇောတွေပါပဲ

ဒီအကုသိုလ်ပထမဇောဟာယခုလက်ရှိ
လက်တွေ့ဘဝမှာလက်ငင်းအကျိုးပေးတာခံကြ
ရတယ်နော်

လူကပ်တွေပြောချင်စရာတွေတော့ရှိတယ်
ဒို့ဒီဘဝကောင်းအောင်ဒီလောက်နေနေတာ
ဘာလို့အသေဆိုးနဲ့သေကြရတာလဲ

မေးဖို့မကောင်းလား
ဒီဇော ၇ ကြိမ်တရားသာသဘောတွေ့
နားလည်နေရင်ဒီမေးခွန်းတွေရပ်သွားပါခိမ့်မယ်

ပထမဇောက ခုဘဝချက်ချင်း
ခုနစ်ရက်အတွင်း
ခုနစ်လအတွင်း
ခုနစ်နှစ်အတွင်းမှာအကျိုးပေးမယ်လို့မှတ်ထားပါ

သတ္တမဇောက ခုဘဝပြီး
ဒုတိယဘဝကနေစပြီးအကျိုးပေးခံစားရမယ်
လို့နားလည်ထားကြပါ

အလယ်ဇော ငါးချက်ကတော့
တတိယဘဝကနေစပြီး
ဘုရားရဟန္တာဖြစ်တဲ့နောက်ဆုံးဘဝအထိ
အရိပမာထပ်ကြပ်မခွါ
ဝဋ်ကြွေးကံလို့သာမှတ်ပါ
နော်ဆုံးဘဝထိအောင်ဆပ်ပြီးမှ
သေပေးရတဲ့ကံပါ
ဒါလူတိုင်းမလွတ်နိုင်တဲ့ကံ
ရှောင်ပုန်းမရတဲ့ကဲတွေပါ

ဒါဆိုခုဒီဘဝမှာကောင်းအောင်နေပြီး
အသေဆိုးနဲ့သေ
လည်လှီးခံရပြီးသေနေကြတွေ
မီးလောင်ခံပြီးသေနေကြတာတွေ
ကိုယ်ကိုယ်ကိုသေကြောင်းကြံသေနေကြတာတွေ
အစုလိုက်အပြုံလိုက်သေနေကြတာတွေ
စတဲ့အသေဆိုးနဲ့သေနေကြတာတွေဟာမိမိတို့ရဲအတိတ်အတိတ်က အကုသိုလ်ဇောတွေဖြစ်တဲ့
သတ္တမဇောနဲ့အလယ်ဇောငါးချက်လို့သာ
မှတ်ကြပါတော့

ဒါဖြင့်ယခုဘဝမှာ
အမျိုးမျိုးအဖုံဖုံသောရောဂါတွေကြောက်ကြရ
ကပ်ဘေးတွေအမျိုးမျိုးကြောက်ကြရ
စစ်ဘေးတွေ
သူခိုးဘေးတွေ
ဓါးပြဘေးတွေ
သူပုန်ဘေးတွေ
မင်းအမှုထမ်းယုတ်ဘေးတွေ
လူမျိုးယုတ်ဘေးတွေ
အဖုံဖုံကြောက်မနေကြရဘူးလား

အေးးးးးးဒါတခြားမတွေးနဲ့
ဒါမိမိတို့ရဲ့ ဘဝဘဝတွေများစွာကပြုခဲ့တဲ့
လုပ်ခဲ့ကြတဲ့အကုသိုလ်ဇောတွေ
အကျိုးပေးဖို့ကိုယ်နောက်က
ကိုယ့်နားကိုကပ်ပါလာတယ်
အကျိုးပေးတော့မယ်ဆိုတာ
ကြပ်ကြပ်သတိထားကြပါ
ဒီဘေးဆိုတာမျိုးဟာမိမိတို့
နောက်ဆုံးဘဝထိအကျိုးပေးဖို့
စောင့်နေဦးမယ်ဆိုတာမှတ်ထားကြပါ

ဒီဘေးကလွတ်ချင်တယ်ဆိုဝိပဿနာအလုပ်
သန်သန်ထွားထွားကြီးလုပ်ကြပါ
ဖြစ်ပျက်ရှုပါရှုပါမှာနေတာ
ါဒါကသာမိမိတို့ကိုဒီသံသရာဘေး
ကပ်ဘေး
ခန္ဓဝဋ်ဒုက္ခဘေးကြီးမှလွတ်ကင်းကြပြီးသကာလ
မသေရာမြဲနေနိဗ္ဗာန်ကို
ရောက်ကြမှာဧကန်မလွဲပါ
ဒါကြောင့်မိမိတို့အားကိုးရာအစစ်သည်
ဝိပဿနာမဂ်
ဖြစ်ပျက်မြင်တဲ့မဂ်သာအားကိုးရာဟု
တိုက်တွန်းပါရစေ။

မိုးကုတ် ဆရာတော်ကြီး တရားမှ ကောက်နုတ်ဖေါ်ပြသည်

Sunday, March 27, 2016

"မစ္ဆရိယ ၅-မျိုး"

"မစ္ဆရိယ ၅-မျိုး"
*************
'မစ္ဆရိယ' ဆိုတာ

ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊
ကိုယ့် အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ လို့ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊
ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊
'နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး'
လို့ ပြောကြတယ်၊ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ် ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယ လို့ ပြောတာ။ မစ္ဆရိယက ၅-မျိုး ရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊
ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာဟာ 'အာဝါသမစ္ဆရိယ'နော်။
'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။

(၂) 'ကုလမစ္ဆရိယ'
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊
ကုလမစ္ဆရိယ။

(၃) 'လာဘမစ္ဆရိယ'
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ
ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) 'ဓမ္မမစ္ဆရိယ'
ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊
ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊
တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊
အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

'အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ' ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊
မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊
ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
~~~~~~~~~~~~~~~~~~~~
အဘိဓမ္မာမြတ်ဒေသနာ- "စိတ်၏အညစ်အကြေးများ" မှ ကူးယူ ပူဇော်အပ်ပါသည်။

Monday, March 21, 2016

အရေးကြီးသောအလုပ်၏အင်္ဂါ ၄ တန်

Credit<<><>> ရာဟုလာ

အရေးကြီးသောအလုပ်၏အင်္ဂါ ၄ တန်
•~•~•~•~•~•~•~•~•~•~•~•~•~•~•~

မလုပ်လျှင်မဖြစ်ခြင်း

ကိုယ်တိုင်လုပ်မှရခြင်း

အချိန်မီလုပ်ရခြင်း

အကျိုးများများရစေနိုင်ခြင်း

အဲဒီလေးချက်နဲ့ ညီရင် အရေးကြီးသောအလုပ်ပဲ

အဲဒါ ဝိပဿနာအလုပ်ကိုပြောတာ

မလုပ်လျှင်မဖြစ်ဘူးလားဆိုတော့ ဖြစ်တယ် ဒါပေမဲ့
တရားမရလို့ အပါယ်ကိုပြန်ကျသွားရင်
် သုဂတိဘုံတခါပြန်ရောက်ဖို့ မလွယ်ဘူး

ဒါ့ကြောင့် မလုပ်လို့ မဖြစ်ဘူး

အချိန်မီလုပ်ရခြင်းဆိုတာက

မသေခင်မှာလုပ်မှဖြစ်မှာ
သေပြီးရင်လုပ်လို့ မရတော့ဘူး ဒါ့ကြောင့်ပြောတာ

ကိုယ်တိုင်လုပ်မှရခြင်းဆိုတာက ဘယ်လောက်ပဲ
ပိုက်ဆံချမ်းသာပါစေ ငှားလုပ်လို့ မရဘူး
ငါ့မိဘအစားလုပ်မယ်ဆိုလို့ မရဘူး ကိုယ်လုပ်မှ
ကိုယ်ရမှာ ဒါ့ကြောင့်ပြောတာ

အကျိုးများများရစေနိုင်ခြင်းဆိုတာက တစ်ဘဝလေး
ပင်ပမ်းဆင်းရဲခံလိုက်တာနဲ့ တသံသရာလုံးက
မသိလို့ ပြုလုပ်ခဲ့တဲ့ မကောင်းတဲ့အကုသိုလ်ကံတွေ
ကပါ လွတ်မြောက်မှာ အပါယ်လေးဘုံကနေ
အပြီးလွတ်မြောက်မှာ

ဒါ့ကြောင့် အရေးကြီးတဲ့အလုပ်လို့ 
သဘောထားပြီး မဖြစ်မနေလုပ်ရမယ်
ဘာအကြောင်းပြချက်နဲ့ မှ ပယ်လို့ မရဘူး၊၊

Sunday, March 20, 2016

သံဝေဂရှစ်ပါးလင်္ကာ

သံဝေဂရှစ်ပါးလင်္ကာ
။။။။။။။။။။။။။။။။။။။။။။။။

( ၁ )
နုနယ်ရုပ်ဆင်း
ပျိုမြစ်ခြင်း
အိုမင်းနောက်ဆုံးရှိချေမည် ။

( ၂ )
ဥစ္စာဆင်မြင်း
ပေါများခြင်း
ယိုယွင်းနောက်ဆုံးရှိချေမည် ။

( ၃ )
ချစ်ခင်ပေါင်းသင်း
ဆက်ဆံခြင်း
ကွေကွင်းနောက်ဆုံးရှိချေမည် ။

( ၄ )
ဝိဉာဉ်ထင်လင်း
သက်ရှိလျှင်း
သေခြင်းနောက်ဆုံးရှိချေမည် ။

( ၅ )
တက်ကြွား ကြွကြွ
မြင့်လွန်းက
လျှော့ကျနောက်ဆုံးရှိချေမည် ။

( ၆ )
ခုံမင်ခယ
ချစ်လွန်းက
သောကနောက်ဆုံးရှိချေမည် ။

( ၇ )
ပွဲလယ်ပြင်ပ
ချီးမွမ်းကြ
ရှုတ်ချနောက်ဆုံးရှိချေမည် ။

( ၈ )
ကြည်သာရွှင်ပြ
ချမ်းသာကြ
ဒုက္ခနောက်ဆုံးရှိချေမည် ။

(စပယ်ပင် ဦးလတ်)

Tuesday, March 15, 2016

ငရဲဘုံရှိ ယမမင်း( ငရဲမင်း ) ဆိုတာ ဘုရားဟော ဟုတ်မဟုတ် နှင့် ယမမင်းနှင့် ငရဲထိန်းတို့သည် အဘယ့်ကြောင့် ငရဲပြည်မှာ အမှုထမ်းရသနည်း ?

ငရဲဘုံရှိ ယမမင်း( ငရဲမင်း ) ဆိုတာ ဘုရားဟော ဟုတ်မဟုတ် နှင့် ယမမင်းနှင့် ငရဲထိန်းတို့သည် အဘယ့်ကြောင့် ငရဲပြည်မှာ
အမှုထမ်းရသနည်း ?

****************************

(မေး)

ဆရာတော် အရှင်သူမြတ်ဘုရား

ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက်
ထိုလူ သွားရောက်ရမည့် ဘဝကို မေးမြန်းစစ်ဆေးပြီးဆုံးဖြတ်ပေးသည့် ယမမင်း ဆိုသည်ကို ကြားဖူးပါသည်။

ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ။ဘယ်မှာ နေသလဲ။ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့်ယမမင်း ဖြစ်ရသလဲ။

ယမမင်းဆိုတာကိုဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြားခဲ့သလားဆိုသည်တို့ကို သိလိုပါသည်ဘုရား။

ယမမင်းနှင့်ပတ်သက်သည့် ကျမ်းဂန်ထွက်
ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင်နှင့်ရောစပ်၍ ဖြေကြားပေးစေချင်
ပါသည်ဘုရား။

(ဖြေ)

“ယမမင်း”

“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့်ငရဲသို့ကျ ရောက်သော သတ္တဝါတို့ကို မြင်တော်မူ၏။
လူ့ဘဝတွင် မကောင်းမှုကို ပြုသောကြောင့်ငရဲသို့ရောက် လာသူအား ငရဲထိန်းတို့ကယမမင်းထံ ခေါ်သွား၏။
ထိုအခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ်-

“မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်)လောကပြစ်ခံရခြင်း နှင့် သေခြင်း” ဟူသောနတ်တမန် ငါးယောက်တို့ ရောက်လာသည်ကိုသတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။

မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည်မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။
သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူ မျှ အစားခံလို့မရ။သင်သာလျှင် ခံရလိမ့်မည်ဟု ဆိုပြီး ဆိတ်ဆိတ်နေ၏။

ယင်းနောက် ငရဲထိန်းတို့သည် ထိုသူအား တံခါး
လေးခု ရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ထိုသူ သည် အကုသိုလ်ကံ၏ အကျိုးပေး မကုန်သရွေ့
ထိုငရဲ၌ ခံနေရ၏ (မ ၃၊ ၁၈၆)”။

“ယမမင်းဟူသည် (စတုမာရာဇ် နတ်မျိုးဝင်)
ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။
တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ် ခံစားရပြီး၊တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။
တရားစောင့်သော မင်းဖြစ်၏။(ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း
တစ်ယောက်စီ ရှိ၏ (မ-ဋ္ဌ ၄၊ ၁၈၃)”။

“မိဿ    ကကုသိုလ်”

(ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့်ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရား
အားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ (အံ-ဋီ ၂၊ ၁၁၄)”။

“သိကြားမင်း၏ ဝရဇိန်လက်နက်၊

အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊

ဝေဿ    ဝဏ်နတ်မင်း၏ သန်လျက်လက်နက်၊

ယမမင်း၏ (ဒေါသဖြင့်ကြည့်လျှင်ပြာကျစေ
နိုင်သော)မျက်လုံးလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏”။
(သံ-ဋ္ဌ ၁၊ ၂၉၀)

“အဓိပ္ပာယ်တစ်မျိုး”

“သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော
(ဓမ္မပဒ-ဋ္ဌ ၂၊ ၂၁၉)”

အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှမလွတ်မြောက်သေးသမျှ
ယမမင်းရဲ့အာဏာစက်ကွင်းမှမလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို“ဝေသာယီ”
(ဇာ-ဋ္ဌ ၂၊ ၂၈၈)လို့လည်း နာမည်တစ်မျိုးနဲ့
ခေါ်ပါတယ်။ ငရဲဘုံနဲ့ ယမမင်း ဆိုတာဘုရားဟောပါ။

“လူဖြစ်ချင်သူ”

ယမရာဇသုတ် (အံ ၁၊ ၁၄၀)အရ ယမမင်းဟာအကုသိုလ်မှု ကြောင့် ငရဲသို့ ရောက်လာသူတွေကို
ကြည့်ရင်း “ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့
တရားထူး ကိုရရင် သိပ်ကောင်း မှာပဲလို့”အကြံ ဖြစ်ပေါ်ဖူးပါသတဲ့။အဲဒီလို ယမမင်းအကြံ ဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာသူများ
အပြောကြောင့် သိတာ မဟုတ်ဘဲကိုယ်တိုင် (သဗ္ဗညုတညဏ်နဲ့) သိမြင်ပြီး မြွှက်ဆိုတာဖြစ်တယ်လို့လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။

(စပ်မိလို့ အသိပေးပါတယ်။ ဆရာကြီး ဂိုအင်ဂါအဖွဲ့ကထုတ်တဲ့ ပိဋကတ် စီဒီရွမ်မှာ ယမရာဇသုတ်ကို
ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့နောက်ပိုင်းကို ဒုတိယ စတုမဟာရာဇသုတ်လို့
စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ပညာရှင်တို့ ဆင်ခြင်ပါကုန်)။

“ငရဲနှင့် ငရဲထိန်း”

ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့်နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏
(အဘိ ၄၊ ၄၃၀)။

ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်ကလူမပြုနိုင် (သံ-ဋီ ၂၊ ၈၆)။

ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ်တူ၏။ငရဲမီးဟူသည် ကံကြောင့် ဖြစ်သော ဥတုဇရုပ်ဖြစ်၍
ငရဲခံရမည့်သူများသာပူပြီး ငရဲထိန်းများမှာမူပူလောင်ခြင်း မရှိ။ အကုသိုလ် နည်းနည်းဖြင့်ငရဲသို့ ရောက်လာသူများကိုသာ စစ်ဆေးခြင်းဖြစ်၏
(ကိုယ်ကျင့်အဘိဓမ္မာ၊ ၂၈၇)။

မူရင်း ပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက် သက်တမ်း အပိုင်း အခြားတွေကိုဖော်ပြထားတာတွေ
ရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ
အချို့ လူသားတို့ အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊ အချို့ အာကာသ တစ်နေရာမှာ
ရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။

“ငရဲထိန်း၊ ငရဲခွေး၊ ငရဲကျီးတို့သည် သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ စတုမဟာရာဇ် နတ်မျိုးဖြစ်သော ဘီလူးများသည်
အတိတ်ဘဝ၌ ကုသိုလ်နှင့်အကုသိုလ် ရောနှော ပြုခဲ့သောကြောင့် ငရဲပြည်၌နတ်ကြမ်း၊ ဘီးလူးကြမ်းများဖြစ်၍ ငရဲသူ ငရဲသားတို့ကိုနှိပ်စက်ကုန်၏ (ကထာဝတ္ထု၊ နိရယပါလကထာ)”။

မန်လည်ဆရာတော်ကြီးက ငရဲထိန်းကို ရက္ခသ(ရက္ခိသ်) မျိုးဟု ဆိုပြီး ဤသို့ သရုပ်ဖော်သည် ...

“မျက်စိကြော့သွေး၊ တွေးတွေးနီမြန်း ကြောင်သန်းတျာတျာ၊ လွန်စွာကျယ်ဘိ
လူပြည်ယှိသား၊ မောင်းကြီ့းအယောင်မျက်တောင်မညိတ်၊ နက်ရောင်ဘိတ်လျက် သပိတ်လုံးနှယ်၊
မျက်လုံးကျယ်နှင့် အစွယ်ပြူးပြူး၊
ငှက်ပျောဖူးသို့ မာန်ရှူးလွန်ဆိုး၊ ရက္ခိသ်မျိုးသည်၊ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။

(မဃဒေဝ၊ ပိုဒ်-၄၆၅)။

ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှပြန်ပေါ်မလာနိုင်တော့တဲ့ “ထာဝရငရဲ”ဆိုတာ မရှိပါဘူး။
ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့်ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲကနေ
လူ့ဘဝ နတ်ဘဝတွေကို ပြန်ရောက်လာပြီးတရားအားထုတ်လို့ ဗောဓိဉာဏ်ကိုတောင်ရနိုင်ပါသေးတယ်။

ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့အင်မတန် လှပတဲ့ ဗုဒ္ဓဒဿ    နပါပဲ။

“သိပ္ပံနှင့် ဒိဗ္ဗစက္ခု”

သိပ္ပံ ဆရာတွေကတော့ Indian Mythology(အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ယခု ရာစုနှစ်တွေမှာ သိပ္ပံဆရာတွေကပဲအာကာသမှာ သက်ရှိလောက ရှိနိုင်တယ်လို့
ဆိုလာကြတယ်။

သိပ္ပံ ဆရာတို့က ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့
အရည်ရှိတယ်လို့လဲ ဆိုတယ်။ဒီတော့ “အရည်ရှိတဲ့ နေရာတိုင်းမှာသက်ရှိသတ္တဝါ ရှိတယ်” ဆိုတဲ့ သိပ္ပံနိယာမရယ်၊ရေဆူမှတ် နီးနီးပူနေတဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ
အသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီ မြေကြီးထဲကအပူရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ သက်ရှိလောကတစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။

တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ်
လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခုဉာဏ် စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့အသိဉာဏ် နှင့် မနှိုင်းယှဉ်ရဲပါ။

-【ဆရာတော်အရှင်ကေလာသ ၏ “ဓမ္မအမေးအဖြေများ”မှ -ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။

::::::::::::::::::::::::::::::::::::::::::::::::::::::::::

Tuesday, March 8, 2016

သက်ဝင်မှု အကျိုး

ရုပ်ပွားတော်သည် သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ကို အတုပွား၍ ထားသော (အဆင်းသဏ္ဌာန်တော်ကို အတုပြုလုပ်ထားသော) ဆင်းတုတော် ဖြစ်၏၊ ထို့ကြောင့်ထိုရုပ်ပွား ဆင်တုတော်လောက်တွင် စိတ်အာရုံ မပြီးစေဘဲ သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာအောင် ပူဇော်ကန်တော့နိုင်မှ သာ၍ အကျိုးရပါသည်။

"စေတီတော်" ဟူသည် ဘုရားရှင်၏  ဓာတ်တော်များကိုသွင်းနှံ ဌာပနာ ထားသောကြောင့် ပူဇော်ကန်တော့ထိုက်သောဌာနတစ်မျိုးတည်း၊ ထို့ကြောင့် စေတီတော်ကို ပူဇော်ရာ၌လည်းသက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်လာအောင် ပူဇော်မူ
သာ၍ အကျိုးရပါသည်၊

သို့သော် ရုပ်ပွားတော်, စေတီတော်လောက်တွင် စိတ်အာရုံ ယူနိုင်သော ပုဂ္ဂိုလ်များအတွက် လုံးလုံးအကျိုးမရဟုကား မဆိုလိုပါ။

ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှားမြတ်ဘုရား၏ ကိုယ်စားချည်းဖြစ်ကြသော ရုပ်ပွားတော်, စေတီတော်များကို တန်ခိုးကြီး, တန်ခိုးငယ်ဟု မခွဲခြားလိုပါ၊

မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါပညာ အတိမ်အနက် လိုက်၍သာ အကျိုးရ ကွဲပြားဖွယ် ရှိပါသည်၊ အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုနိုင်ပါမူ သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးမြင်ရသော အကျိုးနှင့် ရုပ်ပွားတော်, စေတီတော်များကို ဖူးမြင်ရသော အကျိုးသည် တန်းတူပင် ဖြစ်နိုင်ပါသည်၊

ဥပမာ-အသက်ရှိသော မိဘကို တွေ့မြင်ရခြင်းနှင့် မိဘမရှိ၍ဓာတ်ပုံကိုသာ ကြည့်ရခြင်း၌ ရိုသေလေးစားမှု မကွာလျှင် အကျိုးပေး မကွာနိုင်သကဲ့သို့တည်း။

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ,
သမေ စိတ္တေ သမံ ဖလံ၊
စေတောပဏိဓိဟေတုံ ဟိ,
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

တိဋ္ဌန္တေစာပိ-
သက်တော်ထင်ထင်, တည်ရှိစဉ်ဝယ်, ဖူးမြင်ရငြား, မြတ်ဘုရား၌လည်းကောင်း၊
နိဗ္ဗုတေစာပိ
ရွှေပြည်နိဗ္ဗူ, စံတော်မူသည့်, သုံးလူ့ထွတ်ထား, မြတ်ဘုရား၌လည်းကောင်း၊

စိတ္တေ-
ဂုဏ်တော်အာရုံ, ကောင်းစွာထုံ၍,တလုံသဲလဲ, မှီဝဲစွဲသုံး,စိတ်နှလုံးသည်၊
သမေ-
သဒ္ဓါပညာ, အရာရာဝယ်, မကွာတန်းတူ, ညီမျှပါမူကား၊

သမံဖလံ-
အကျိုးပေးဟန်, အတန်တန်လည်း, ဧကန်ညီမျှ, တန်းတူရလေတော့၏၊
ဟိယုတ္တံ-
ထိုစကားလျှင်, မမှားဧကန်, ယုတ္တိတန်လှပါပေ၏၊

သတ္တာ-ယုတ်မြတ်မဟူ, သူငါကစ, သတ္တဝါဟူသမျှတို့သည်၊
စေတောပဏိဓိဟေတုံ-
စိတ်နေစိတ်ထား, ကြီးမား ဖြူစင်, ကြည်လင်သန့်ရှင်း, အကြောင်းရင်းကြောင့်၊

သုဂ္ဂတိံ-
လူ့ရွာနတ်ထံ, ချမ်းသာစံလျက်, နိဗ္ဗာန်အထိ, အကောင်းဆုံး ဂတိသို့၊
ဂစ္ဆန္တိ-
ပါရမီ စွမ်းသလောက်, စခန်းထောက်၍, လှမ်းရောက်နိုင်ကြပေသတည်း။

မဉ္စိဋ္ဌကဝဂ်, ပီတဝိမာနဝတ္ထု ပါဠိတော်။

မဟာဂန္ဓာရုံဆရာတော်၏ ဘာသာရေး ပြဿနာများစာအုပ်မှ