Friday, January 15, 2016

မသေခင်ဘာလုပ်ကြမလဲ?


လူသားတွေရဲ့ ဘ၀မှာစိတ်ဝင်စားစရာ အကောင်းဆုံးအရာဟာသေခြင်းတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့သေခြင်းတရားဟာ လူသားအားလုံးနဲ့သက်ဆိုင်နေလို့ပါပဲ။

လူသားတစ်ဦးချင်းမှာ သူ့ဘ၀နဲ့သူ စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေ အသီးသီးရှိကြပါလိမ့်မယ်။ သူ့ရဲ့လက်ရှိဘ၀၊ လက်ရှိအနေအထားနဲ့လက်ရှိခံစားချက်အပေါ် မူတည်ပြီး စိတ်ဝင်စားကြမှာမို့ လူသားတစ်ဦးနဲ့တစ်ဦးရဲ့ စိတ်အ၀င်စားဆုံးအရာတွေဟာလည်း မတူထူးခြား ကွဲပြားနေကြမှာမလွဲပါဘူး။

ကုန်သည်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ကုန်ပစ္စည်းတစ်ခုဟာဆေးပညာရှင်တစ်ယောက် အတွက်တော့ စိတ်ဝင်စားစရာဖြစ်ချင်မှဖြစ်ပါမယ်။ ဆေးပညာရှင်တစ်ယောက်ရဲ့ စိတ်အ၀င်စားဆုံး ဆေးကုထုံးတစ်ခုဟာလည်း ကုန်သည်တစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကုန်သည်တစ်ယောက် စိတ်အ၀င်စားဆုံးအရာဟာဆရာဝန်တစ်ယောက်နဲ့ ဘာမှ မသက်ဆိုင်သလိုဆရာဝန်တစ်ယောက် စိတ်အ၀င်စားဆုံးအရာဟာလည်း ကုန်သည်တစ်ယောက်နဲ့ဘာမှမသက်ဆိုင်လို့ပါပဲ။

ကိုယ်နဲ့အသက်ဆိုင်တဲ့အရာကိုစိတ်မ၀င်စားတာ၊ တကယ်လို့စိတ်ဝင်စားခဲ့ရင်တောင်မှ စိတ်အ၀င်စားဆုံးမဟုတ်တာဟာလူ့သဘာဝတစ်ခု ဖြစ်ပါတယ်။

အသိဉာဏ်ရှိတဲ့ လူသားမှန်ရင်ကိုယ့်ဘ၀ရဲ့ တိုးတက်မူကိုလိုလားရစမြဲမို့ကိုယ်နဲ့ မသက်ဆိုင်တာကိုစိတ်ဝင်စားနေရင်ကိုယ့်ဘ၀ ဘယ်တိုးတက်နိုင်ပါတော့မလဲ။ဒီတော့ ကိုယ့်ဘ၀ တိုးတက်မူနဲ့မသက်ဆိုင်တာတွေကိုစိတ်မ၀င်စားတာ၊ တကယ်လို့ စိတ်ဝင်စားခဲ့ရင်တောင်မှ အ၀င်စားဆုံးအရာမဟုတ်တာဟာ သဘာဝကျပါတယ်။

ဒါပေမဲ့ သေခြင်းတရားကျတော့လူသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိဂုဏ်မဲ့မရွေး၊ဉာဏ်နုဉာဏ်ရင့်မရွေး၊ လူသားအားလုံးနဲ့တပြေးညီ သက်ဆိုင်နေပါတယ်။ အသက်ကြီးသူတွေနဲ့သာမကပဲအသက်ရွယ်သူတွေ၊ အသက်ငယ်သူတွေနဲ့ပါ သက်ဆိုင်နေတာဟာ ဘယ်လိုမှငြင်းလို့မရပါဘူး။

အသက်အရွယ်မရွေး၊အဆင့်အတန်းမရွေး လူသားအားလုံးနဲ့သက်ဆိုင်နေတဲ့အတွက် သေခြင်းတရားဟာလောကမှာစိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပါတယ်။

တချို့က သေခြင်းတရားကိုသိသိသာသာ စိတ်ဝင်စားကြပါတယ်။တချို့ကကိုယ့်ကိုယ်ကို သေခြင်းတရားကိုစိတ်ဝင်စားလို့ ၀င်စားနေမှန်းမသိဘဲ(လုံးဝ စိတ်မ၀င်စားဘူးလို့တောင်အထင်ရောက်နေရက်နဲ့) စိတ်ဝင်စားနေကြပါတယ်။ကိုယ်ကသာ စိတ်ဝင်စားနေမှန်းမသိတာ၊ကိုယ့်စိတ်ကတော့ မသိမသာစိတ်ဝင်စားနေပါတယ်။

လောကီအလုပ်တွေကို အရှိန်အဟုန်နဲ့ အပင်ပန်းခံလုပ်နေတာဟာမသေခင်ခံစားစံစားဖို့၊ လောကုတ္တရာအလုပ်တွေကိုအရှိန်အဟုန်နဲ့ အပင်ပန်းခံလုပ်နေတာဟာသေပြီးနောက် ခံစား စံစားဖို့၊ဒါမှမဟုတ်သေခြင်းတရားကလွတ်မြောက်ဖို့။ သေခြင်းတရားကိုပဲ စံထားပြီးလူသားတွေ အလုပ်လုပ်နေကြတာပါ။

မသေခင် ဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့လူသားတွေ အလုပ်လုပ်နေကြတာပါ။

တချို့ကသေခြင်းတရားအကြောင်းပြောတာမင်္ဂလာ မရှိဘူးလို့ယူဆကြတယ်။တက်တက်စင်မှားတဲ့ အယူအဆပါပဲ။

သေခြင်းတရားအကြောင်း ပြောဆိုတာလောက် မင်္ဂလာရှိတာလောကမှာမရှိတော့ပါဘူး။ သေခြင်းတရားအကြောင်း တွေးတောခြင်းဟာလည်း လောကမှာကျက်သရေအရှိဆုံးပါပဲ။

ဘာလို့လဲဆိုတော့ သေခြင်းတရားကို အမှတ်ထင်ထင်သတိရနေမှသာမသေခင် အခိုက်အတန့်ကာလလေးကို လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့ တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာဖြစ်လို့ပါပဲ။

လူသားတိုင်းမှာ ကိုယ့်ကိုယ်ကိုမကြာခဏမေးသင့်တဲ့ မေးခွန်းတွေအများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တူတဲ့မေးခွန်းတွေလည်း ရှိသလိုမတူတဲ့မေးခွန်းတွေလည်းရှိပါလိမ့်မယ်။

မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းကတော့ လူသားအားလုံးရဲ့တူညီတဲ့မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လူသားအားလုံးရဲ့ကိုယ့်ကိုယ်ကို မကြာခဏမေးသင့်တဲ့ မေးခွန်းတွေထဲမှာ အရေအကြီးဆုံးဘ၀မေးခွန်းကတော့ မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းပါပဲ။

တိုးတက်ချင်တဲ့သူဆိုတာ မေးခွန်းတွေကို ချစ်မြတ်နိုးတတ်ရပါတယ်။မေးခွန်းတွေကို ကြောက်ရင် မတိုးတက်နိုင်ပါဘူး။စာမေးပွဲဆိုတာ မေးခွန်းတွေနဲ့တည်ဆောက်ထားတာပါ။

ပညာရည်တိုးတက်လိုတဲ့သူဟာ စာမေးပွဲမှာ မေးထားတဲ့မေးခွန်းတွေကို ပျော်ပျော်ကြီးဖြေဆိုရပါတယ်။ မေးခွန်းတွေကို မှန်မှန်ကန်ကန်တိတိကျကျဖြေဆိုနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ ပညာအရည်အချင်းဟာလည်း တိုးတက်မြင့်မားလာရပါတယ်။စာမေးပွဲတစ်ခု အောင်ပြီးတိုင်းပညာရည်တစ်ဆင့်မြင့်လာတာဟာ မျက်မြင်ထင်ရှားတဲ့သဘာဝတရားကြီးပါ။

ဘ၀အရည်အသွေးမြင့်မားလိုသူတိုင်းဘ၀စာမေးပွဲရဲ့ မေးခွန်းတွေကိုပျော်ပျော်ကြီးရင်ဆိုင်နိုင်ရပါမယ်။ မှန်မှန်ကြီးဖြေဆိုနိုင်ရပါမယ်။

ဘ၀အရည်အသွေးကို ထိပ်တန်းအကျဆုံး မြှင့်တင်ပေးမယ့်ဘ၀မေးခွန်းတွေထဲမှာ အချက်အချာအကျဆုံး မေးခွန်းကတော့ မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့မဟာမေးခွန်းကြီးပါပဲ။

မသေခင် ဘာလုပ်ကြမလဲဆိုတဲ့မေးခွန်းထဲမှာ အပိုင်းနှစ်ပိုင်းပါပါတယ်။တစ်ပိုင်းက မသေခင် ဆိုတဲ့အပိုင်းပါ။တစ်ပိုင်းက ဘာလုပ်ကြမလဲ ဆိုတဲ့ အပိုင်းပါ။

မသေခင်ဆိုတဲ့အပိုင်းနဲ့သေခြင်းတရားကိုသတိရ အောက်မေ့ဖို့၊ကိုယ့်ဆီမလွဲမသွေရောက်လာမယ့် သေခြင်းတရားကိုဧည့်သည်ကောင်းပမာ ကျေကျေနပ်နပ်လက်ခံဖို့၊ကိုယ်တကယ်ပိုင်ဆိုင်တဲ့ ဘ၀ဟာအချိန်ကာလအားဖြင့်ခဏတာလေးမျှသာ ဖြစ်တယ်ဆိုတာနားလည်သဘောပေါက်ဖို့ ရည်ညွှန်းပါတယ်။

ဘာလုပ်ကြမလဲဆိုတဲ့ အပိုင်းနဲ့ကိုယ် တကယ်ပိုင်ဆိုင်တဲ့မသေခင်တစ်ခဏ ဘ၀တိုလျလျလေးကို တလေးတစား တန်ဖိုးထားတတ်ဖို့၊အလုပ်ပိုနဲ့အလုပ်လို၊ အကာအလုပ်နဲ့ အနှစ်အလုပ်ကိုခွဲခြားသိမြင်ပြီး အလုပ်ပိုတွေ၊အကာအလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှား၊အလုပ်လိုတွေ၊အနှစ်အလုပ်တွေကို အစွမ်းနိုင်ဆုံး ဆောင်ပွားဖို့၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေကို အရည်အသွေးပြည့်မီအောင်၊အပြီးအဆုံး ပေါက်မြောက်အောင်အားထုတ်ဖို့ရည်ညွှန်းပါတယ်။

သေခြင်းတရားကို သတိရအောက်မေ့တာ၊ သေခြင်းတရားကိုဆင်ခြင်ပွားများတာဟာစိတ်ညစ်ဖို့၊ စိတ်ဓာတ်ကျဖို့မဟုတ်ပါဘူး။စိတ်ခိုင်ဖို့၊ စိတ်ဓာတ်မြင့်ဖို့ပါ။

သေခြင်းတရားကို နည်းမှန်လမ်းမှန်ပွားများတတ်ရင် စိတ်ညစ်တာ၊စိတ်ဓာတ်ကျတာတွေ လုံးဝပျောက်ကင်းတဲ့အပြင်စိတ်ဓာတ်တွေ ခိုင်မာလာမယ်၊စိတ်အရည်အသွေးတွေ မြင့်မားလာမယ်။အသိဉာဏ်ရင့်ကျက်လာမယ်၊ ကိုယ်တကယ်လုပ်ရမယ့်အဓိကအလုပ်ဟာ ဘာလဲဆိုတာခွဲခြားတတ်လာမယ်။ ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကိုအကောင်းဆုံးနဲ့ အမြန်ဆုံးပြီးစီးအောင်လုပ်တတ်လာမယ်။ ကောင်းကျိုးတရားတွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

သေခြင်းတရားကိုတွေးတဲ့စိတ်ဟာ အဖျက်စိတ်မဟုတ်ပါဘူး၊အပြုစိတ်ပါ။ သေခြင်းတရားကိုသတိရတဲ့သဘောဟာ အဖျက်သဘောမဟုတ်ပါဘူး၊အပြုသဘောပါ။

အပြုသဘောဆောင်တဲ့စိတ်ဓာတ်နဲ့ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို အရှိန်အဟုန်ကောင်းကောင်း၊အင်အားပါပါ၊ စွမ်းရည်ပြည့်ပြည့်လုပ်ဆောင်နိုင်ဖို့အတွက် မသေခင်ဘာလုပ်ကြမလဲ ဆိုတဲ့ တရားကိုဒီနေ့ ဟောရခြင်းဖြစ်ပါတယ်။

နှစ်ဟောင်းကုန်လို့ နှစ်သက်ကူးခါနီးကာလ၊ နှစ်ဟောင်းကိုစွန့်ခွာပြီးနှစ်သစ်မှာခြေမချခင် လမ်းဆုံးမှာခြေစုံရပ်ပြီးဆင်ခြင်သုံးသပ်ရပါမယ်။

နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာမသေခဲ့ပေမယ့် နှစ်သစ်ကိုရောက်တာနဲ့ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့တစ်နှစ်ပိုနီးလာပြီ။ နှစ်သစ်ရဲ့ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။နှစ်ဟောင်းမှာ သေခြင်းတရားကိုလွန်မြောက်ခဲ့ပေမယ့်နှစ်သစ်မှာ လွန်မြောက်ချင်မှလွန်မြောက်မယ်။

အဲဒီလိုသေခြင်းတရားနဲ့ပတ်သက်ပြီးတော့လည်း ဆင်ခြင်သုံးသပ်ရပါမယ်။

နှစ်ဟောင်းမှာ အလုပ်ပိုတွေ၊အကာအလုပ်တွေနဲ့ အချိန်ဖြုန်းခဲ့လား၊အလုပ်လိုတွေ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးခဲ့လား။အနှစ်အလုပ်တွေ လုပ်ခဲ့တယ်ဆိုရင်လည်း ဘယ်လောက် အတိုင်းအတာအထိလုပ်ခဲ့လည်း၊ဘယ်လောက် အရည်အသွေးပြည့်မီအောင်လုပ်ခဲ့လဲ။

နှစ်သစ်မှာရော၊ အလုပ်ပိုတွေ၊အကာအလုပ်တွေနဲ့ အချိန်ဖြုန်းမှာလား၊အလုပ်လိုတွေ၊ အနှစ်အလုပ်တွေနဲ့အချိန်သုံးမှာလား။ အနှစ်အလုပ်တွေလုပ်မယ်ဆိုရင်လည်း ဘယ်လောက်အတိုင်းအတာအထိလုပ်မှာလည်း၊ ဘယ်လောက်အရည်အသွေးပြည့်မီအောင် လုပ်မှာလဲ။

အဲဒီလိုမသေခင်လုပ်ရမယ့်အလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်းဆင်ခြင်သုံးသပ်ရပါမယ်။

ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်ဆိုတာမသေခင် ကာလလေးမှာပဲလုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှလုပ်ပိုင်ခွင့်မရှိတော့ပါဘူး။

ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကာလဟာ မသေခင်အချိန်ပိုင်းလေးမျှသာဆိုတာကို အမြဲသတိရနေမှ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်တွေကိုမြန်မြန်ထက်ထက် သွက်သွက်လက်လက်နဲ့အချိန်မီပြီးစီးအောင်၊ အကောင်းဆုံးပြည့်စုံအောင်လုပ်နိုင်မှာဖြစ်ပါတယ်။

ခုလို နှစ်ဟောင်းကုန်ကျူးနှစ်သစ်ကူးတော့မယ့် အချိန်ကာလမှာကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့သေခြင်းတရားကိုလည်းသတိရဖို့ လိုအပ်ပါတယ်။

မသေခင် လုပ်ပိုင်ခွင့်ရှိတဲ့ကာလလေးမှာ ဘာအလုပ်တွေလုပ်မယ်၊ဘာအလုပ်တွေ ဦးစားပေးမယ်ဆိုတာကိုလည်းကြိုတင်စီမံကိန်း ချထားရပါမယ်။ တချို့အလုပ်တွေဆိုရင်မလုပ်မဖြစ် လုပ်မယ်လို့ကိုအဓိဋ္ဌာန်ဆောက်တည်ထားရပါမယ်။

ဒါ့ကြောင့် အချိန်မရွေးရောက်လာနိုင်တဲ့ သေခြင်းတရားကိုအမြဲဆင်ခြင်သတိရဖို့နဲ့၊ မသေခင်အချိန်ပိုင်းလေးမှာလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုအမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်သွားနိုင်ဖို့ မသေခင်ဘာလုပ်ကြမလဲ ဆိုတဲ့ တရားကိုဟောရခြင်းဖြစ်ပါတယ်။

သေခြင်းတရားအကြောင်း ပြောဆိုတာလောက်မင်္ဂလာရှိတာ လောကမှာမရှိတော့ပါဘူး။ သေခြင်းတရားအကြောင်း တွေးတောခြင်းဟာလည်း လောကမှာကျက်သရေအရှိဆုံးပါပဲ။ ဘာလို့လဲဆိုတော့သေခြင်းတရားကို အမှတ်ထင်ထင်သတိရနေမှသာ မသေခင်အခိုက်အတန့်ကာလလေးကို လုပ်သင့်လုပ်ထိုက်တဲ့အလုပ် အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့ တန်ဖိုးရှိရှိအသုံးချသွားနိုင်မှာဖြစ်လို့ပါပဲ။

အလုပ်ပိုတွေ အကာအလုပ်တွေကို အတတ်နိုင်ဆုံးရှောင်ရှားပြီး အလုပ်လိုတွေ အနှစ်အလုပ်တွေကို စွမ်းနိုင်ဆုံးအောင်ပွားနိုင်ဖို့ သေခြင်းတရားကို မဖြစ်မနေသတိရသင့်ပါတယ်။

သေခြင်းတရားကိုသတိရအောက်မေ့တာ သေခြင်းတရားကိုဆင်ခြင်ပွားများတာဟာ စိတ်ညစ်ဖို့၊စိတ်ဓာတ်မကျဖို့မဟုတ်ပါဖူး။ စိတ်ခိုင်ဖို့၊စိတ်ဓာတ်မြင့်ဖို့ပါ။

ရွှေပါရမီတောရအရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲစာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။


Posted via Blogaway

No comments:

Post a Comment