ပတိပူဇိကာ
*************
ဤဝတ္ထုသည် မြတ်စွာဘုရားဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်ကဝတ္ထုဖြစ်၏။ ဤဝတ္ထု ဖြစ်ပေါ်လာခြင်းမှာလည်းသာဝတ္ထိပြည်သူ ပတိပူဇိကာ ဒါယိကာမကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်၏။မြတ်စွာဘုရား ဟောကြားတော်မူသောဤဝတ္ထုကို နာကြားရသောအခါသစ္စာလေးပါးတိုင်အောင် သိကြသဖြင့်များစွာကုန်သောတရားနာ ပရိသတ်တို့သည် အရိယာများဖြစ်ကြကုန်၏။ပါရမီ ရှိသူများအတွက် စနက်တံသဖွယ်ဖြစ်သော နောက်ဆုံးအကြောင်း သပ္ပါယကာရဏနှင့်သာ တိုက်ဆိုင်လျှင် အရိယာဖြစ်ဖို့ဆိုသည်မှာ ခဲယဉ်းလှသည်မဟုတ်။ ဤလောက၌မြတ်စွာဘုရားပွင့်တော်မူလာ ခြင်းမှာ ရှိပြီးသား အဟောင်းများကို တော်လှန်ကာ ဖျက်ဆီးပစ်ရန် မဟုတ်။ရှိပြီးသား အဟောင်းများ အပေါ်၌ အသစ် ကို အထွတ်တင်ရန်သာ ဖြစ်၏။ ဤနေရာ၌ အသစ် ဟူသည်မှာသစ္စာလေးပါးဖြစ်၏။ သင်္ခါရဟူသည် နေရာတိုင်း၌ရှိ၏။သင်္ခါရရှိလျှင် သစ္စာလေးပါးသည်လည်းရှိသည်သာ ဖြစ်၏။အမှန် အားဖြင့်သင်္ခါရဟူသည်သတ္တလောက၏တရားကိုယ် ဖြစ်၏။ဩကာသလောက၏တရားကိုယ်လည်း ဖြစ်၏။ပရမတ္ထအရဆိုလျှင် သတ္တလောကဟူသည်လည်းတကယ်ရှိသည်မဟုတ်။ ဩကာသလောက ဟူသည်လည်းတကယ်ရှိသည် မဟုတ်။သင်္ခါရလောကသာလျှင်တကယ်ရှိ၏။ ထို့ကြောင့် သတ္တလောကနှင့်ဩကာသ လောကတို့သည်သင်္ခါရလောက၏ အသွင်များသာ ဖြစ်ကြ၏။မြတ်စွာဘုရားပွင့်တော်မမူမီ ကာလက ဆိုလျှင် ထိုထို ပုဂ္ဂိုလ်တို့သည် သတ္တလောကနှင့် ဩကာသလောကကို တကယ်အရှိအနေဖြင့် သိကြ၏။သင်္ခါရလောကကို တကယ်အရှိ အနေဖြင့် သူတို့ မသိကြ။သူတို့သည်အနိစ္စကိုလည်းသိကြပါ၏။ သို့ရာတွင် သူတို့သိသော အနိစ္စသည် သမ္မုတိအနိစ္စသာဖြစ်၏။သင်္ခါရအနိစ္စ မဟုတ်။ သူတို့သည် ဒုက္ခကိုလည်းသိကြပါ၏။သို့ရာတွင် သူတို့သိသော ဒုက္ခသည်သင်္ခါရဒုက္ခ မဟုတ်။ သမ္မုတိဒုက္ခသာ ဖြစ်၏။ သူတို့သည်အနတ္တကိုလည်း သိကြပါ၏။သို့ရာတွင် သူတို့သိသော အနတ္တသည် သင်္ခါရအနတ္တမဟုတ်။သမ္မုတိအနတ္တသာဖြစ်၏။ မြတ်စွာဘုရားပွင့်တော်မမူမီကဆိုလျှင်သူတို့ သည် သင်္ခါရလောကကို မသိကြဘဲသတ္တလောကနှင့် ဩကာသလောကကိုသာသိကြသဖြင့် သူတို့သည် သံသရာသုခကိုရရှိရေးအတွက်သာ စိတ်ဝင်စားကြ၏။ထို့ကြောင့် သူတို့သည် သံသရာသုခ ရရှိရေးအတွက် ဒါနမှု၊ သီလမှု၊ဘာဝနာမှုတို့ကို ပြုလုပ်ကြခြင်းဖြစ်၏။မြတ်စွာဘုရား ပွင့်တော်မူသောအခါကျမှသာ ရှေးခေတ် အစဉ်အလာ ဒါနမှု၊သီလမှု၊ဘာဝနာမှုတို့ အပေါ်၌သစ္စာလေးပါးကို အထွတ်တင်၍ သံသရာလွတ်မြောက်မှု သန္တိသုခကို ရရှိရန်အတွက် သင်္ခါရအနိစ္စ၊သင်္ခါရဒုက္ခနှင့် သင်္ခါရအနတ္တတို့ကိုတရားကျင့်သူများကိုယ်တိုင် မြင်အောင်ဟောကြားတော်မူခြင်းဖြစ်၏။ မြတ်စွာဘုရားပွင့်တော်မမူမီကဆိုလျှင် လောက၌ အကောင်းဆုံးဝါဒအနေဖြင့် ကမ္မဝါဒသာ ရှိခဲ့ပါ၏။ မြတ်စွာဘုရားပွင့်တော်မူသောအခါမှသာနဂိုမူလ ရှိပြီးသား ကမ္မဝါဒ အပေါ်၌သစ္စာလေးပါးကို အထွတ်တင်နိုင်ရန် ဉာဏဝါဒကိုဟောကြားတော် မူခြင်းဖြစ်၏။ကမ္မဝါဒအရကျင့်လျှင်လူချမ်းသာကို ရ၏။ နတ်ချမ်းသာကို ရ၏။ဗြဟ္မာချမ်းသာကိုရ၏။ ဉာဏဝါဒအရကျင့်လျှင်နိဗ္ဗာန်ချမ်းသာကို ရ၏။ ဉာဏဝါဒအမြင်အရဆိုလျှင်လူချမ်းသာ၊ နတ်ချမ်းသာ၊ဗြဟ္မာချမ်းသာ ဟူသည် ချမ်းသာ မဟုတ်။ ဆင်းရဲသာ ဖြစ်၏။နိဗ္ဗာန်ချမ်းသာမှသာ ချမ်းသာ ဖြစ်၏။ထို့ကြောင့် မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ကားဒါနသည်လည်းမူလနဂို ရှိပြီးသားဒါနနှင့်မတူ။သီလသည်လည်းနဂို ရှိပြီးသားသီလနှင့်မတူ။ဘာဝနာသည်လည်း နဂိုရှိပြီးသားဘာဝနာနှင့်မတူ။သစ္စာ လေးပါးကို အထွတ်တင်ထားသော ဒါန၊သီလ၊ဘာဝနာတို့ပင် ဖြစ်ကြလေ၏။ သစ္စာလေးပါးကို အထွတ်တင်ခြင်းဟူသည်မှာ မိမိတို့ ပြုလုပ်ထားသော ဒါန၊သီလ၊ဘာဝနာတို့၌ အနိစ္စသဘော၊ဒုက္ခသဘော၊အနတ္တသဘောတို့ကို မြင်လာအောင် ဟောကြားတော်မူခြင်းဖြစ်၏။အမှန် အားဖြင့် သင်္ခါရတရားတို့၏အနိစ္စသဘော၊ဒုက္ခ သဘော၊အနတ္တသဘောကို မြင်ပါမှဉာဏဝါဒအရ သစ္စာဉာဏ်ကို ရမည်ဖြစ်၏။ သစ္စဉာဏ်ကို ရပါမှလည်းနိဗ္ဗာန်ချမ်းသာကိုရမည် ဖြစ်၏။ ဤနေရာ၌ ဉာဏဝါဒဟူသည်မှာ ဝိပဿနာပင် ဖြစ်၏။ဝိပဿနာဟူသည်မှာ မြတ်စွာဘုရား ပွင့်တော်မူသောအခါမှသာ သိရသော ဉာဏ်ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည်ပရိသတ်အား တရားဟောကြားတော်မူတိုင်းသစ္စာလေးပါးကို ထိုးထွင်း၍သိနိုင်စေရန်ဝိပဿနာကိုပါဝင်အောင် ဟောကြားတော်မူသည်ချည်းသာ ဖြစ်၏။ သစ္စာလေးပါးမှ လွတ်သောတရားမည်သည်မရှိဟူ၍ ဆိုပါလျှင်ဝိပဿနာမှ လွတ်သော တရားမည်သည်လည်းမရှိ ကောင်းချေ။ သို့ရာတွင် တရားနာပရိသတ်တိုင်း ဝိပဿနာဆိုက်အောင် သိချင်မှသိ၏။ဝိပဿနာ ဆိုက်အောင် သိသူများကား တစ်ခုသောနေ့တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုမည် ဖြစ်၏။ဝိပဿနာဆိုက်အောင် မသိသူများကား မိမိတို့၏ကံအားလျော်စွာ လူ့ဘဝလူ့ချမ်းသာများကို ရချင်လည်း ရနိုင်၏။နတ်ဘဝနတ်ချမ်းသာများကို ရချင်လည်းရနိုင်၏။ဗြဟ္မာဘဝ ဗြဟ္မာချမ်းသာများကို ရချင်လည်းရနိုင်၏။အချည်းနှီးတော့ မဖြစ်၊ တစ်ခုခုသော ချမ်းသာကို ရမည်ကားဧကန် ဖြစ်ပါ၏။
မြတ်စွာဘုရားသည် တရားဒေသနာတော်ကို ဟောကြားတော်မူသောအခါတရားနာပရိသတ်၏ စရိုက်အလိုက် ဟောကြားတော်မူ၏။လယ်သမားကို ဟောကြားတော်မူသောအခါလယ်ယာလုပ်ငန်းမှ သင်္ခါရ တို့၏အနိစ္စ၊ဒုက္ခ၊အနတ္တကိုမြင်ပြီး သစ္စာလေးပါးကို ပေါ်ပေါက်လာအောင် ဟောတော်မူ၏။ပန်းထိမ်သမားအား ဟောကြားတော်မူသောအခါပန်းထိမ်လုပ်ငန်းမှ သင်္ခါရတို့၏အနိစ္စ၊ဒုက္ခ၊အနတ္တကိုမြင်ပြီး သစ္စာလေးပါးကိုပေါ်ပေါက်လာအောင် ဟောကြားတော်မူ၏။အခြားပုဂ္ဂိုလ်များအား တရားဟောကြားတော်မူသောအခါအခြား ပုဂ္ဂိုလ်များ၏စရိုက်အရထိုထိုပုဂ္ဂိုလ်တို့၏ လုပ်ငန်းများမှ သစ္စာလေးပါးကို ပေါ်ပေါက်လာအောင် ဟောကြားတော်မူ၏။ဤသည်မှာ သဗ္ဗညုတဉာဏ်တော် ၏အစွမ်းပင် ဖြစ်၏။ ဤဝတ္ထုမှာပန်းခူးခြင်းနှင့် ပတ်သက်သောဝတ္ထု ဖြစ်၏။ထို့ကြောင့် ပန်းခူးခြင်းလုပ်ငန်းမှ သစ္စာလေးပါးကို ပေါ်ပေါက်လာအောင် တရားဒေသနာတော်ကို တရားနာပရိသတ်အား မြတ်စွာ ဘုရားကဟောကြားတော်မူခြင်းဖြစ်၏။ မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းပင် သစ္စာလေးပါးသည် ပေါ်ထွက်ခဲ့ပါ၏။ဝတ္ထုမှာဤသို့ ဖြစ်ပါ၏။ တာဝတိံနတ်ပြည်၌ မာလာဘာရီ အမည်ရှိ သော နတ်သားတစ်ယောက်သည် ရှိ၏။မာလာဘာရီ နတ်သားတွင် နတ်သမီးတစ်ထောင် အြွေခအရံရှိ၏။ တစ်ခုသောနေ့တွင် မာလာဘာရီ နတ်သားနှင့် နတ်သမီးတစ်ထောင်တို့သည် ပန်းဥယျာဉ်သို့ သွားကြ၏။ ပန်းဥယျာဉ်သို့ ရောက်သောအခါ နတ်သမီးငါးရာကပန်းပင်ပေါ်သို့တက်၍ပန်းများကို ခူးကြ၏။အောက်သို့ ပစ်ချကြ၏။ ကျန်နတ်သမီး ငါးရာတို့ကပစ်ချလိုက် သော ပန်းများကိုသီကုံးကြ၏။ ပန်းကုံးများဖြစ်သောအခါသူတို့သည် မာလာဘာရီ နတ်သားကို ဆင်မြန်းကြ၏။အမှန်အားဖြင့် နတ်သမီးတစ်ထောင်တို့၏စိတ်ထဲ၌ မာလာဘာရီ နတ်သားကျေနပ်ရန်သာဆန္ဒရှိကြ၏။ အခြားသူတို့အတွက် ကိုယ်ပိုင်ဆန္ဒဟူ၍ဘာမျှမရှိ။ မာလာဘာရီနတ်သားပျော်လျှင် သူတို့လည်းပျော်ကြ ၏။ မာလာဘာရီနတ်သားမပျော်လျှင် သူတို့လည်း မပျော်ကြ။ ထို့ကြောင့် နတ်သမီးတစ်ထောင်ဟူသည် အသွင်အားဖြင့် ရုပ်ပိုင်းသဘောအရတစ်ထောင် ဖြစ်၏။ စိတ်ပိုင်းသဘောအရဆိုလျှင်တစ်ခုတည်း ဖြစ်လေ၏။မာလာဘာရီနတ်သား၏စိတ်နှင့် နတ်သမီးတစ်ထောင် တို့၏စိတ်သည်တစ်ခုတည်း ဖြစ်၏။ထို့ကြောင့်အားလုံးသည် တစ်ယောက်တည်းသဖွယ် ဖြစ်ကြ၏။အသွင်သာ ကွဲသော်လည်းသဘောကားတစ်ခုတည်းဖြစ်လေ၏။ ကံတို့၏ အကျိုးပေးမှုသည်ဆန်းကြယ်၏။ထို့ကြောင့် ကမ္မဝိသယောအစိန္တေယျော-ကံ၏အရာသည် အစိန္တေယျဖြစ်သည် ဟူ၍ဆိုခြင်းဖြစ်ပါ၏။ နတ်ပြည်၌ အမျိုးသမီးအရေအတွက်က များခြင်းသည်လည်းသူတို့၏ကံနှင့် သူတို့ပင် ဖြစ်၏။ ဥယျာဉ်ထဲ၌ပန်းပင်ပေါ်တက်သောနတ်သမီး ငါးရာထဲကနတ်သမီးတစ်ယောက်သည် စုတေသွားပြီး သူမ၏ကံအရသာဝတ္ထိပြည်အမျိုးကောင်း၏အိမ်၌ ပဋိသန္ဓေသွား၍တည်နေ၏။ သူမ၏ဆန္ဒအရ အမျိုးသမီးပင် ဖြစ်၏။သူမသည်အမျိုးသား ဖြစ်လိုသောဆန္ဒမရှိ။ထို့ကြောင့်သူမသည် အမျိုးသမီးဖြစ်ရခြင်းဖြစ်၏။သူမသည် အတိတ်ဘဝကို ပြန်လည် မှတ်မိသောဉာဏ်ကို ရ၏။ ထိုဉာဏ်ကို ဇာတိဿရဉာဏ်ဟူ၍ခေါ်၏။ သူမသည် ဇာတိဿရဉာဏ်ဖြင့် ပြန်လည်စဉ်းစားသောအခါလွန်ခဲ့သော ဘဝက မာလာဘာရီ နတ်သား၏ဇနီးနတ်သမီးဖြစ်ခဲ့သည်ကို ပြန်လည် မှတ်မိ၏။မှတ်မိသည့်အလျောက် တာဝတိံသာနတ်ပြည်၌မာလာဘာရီ နတ်သား၏ဇနီးသာပြန်ဖြစ်လို၏။ထိုကဲ့သို့ ဖြစ်နိုင် ရန်ကိုသာ ကြံစည်၏။ တောင့်တ၏။ ချစ်ခြင်းမေတ္တာ ဟူသည်မှာ ဆန်းကြယ်၏။ ရှေးရေစက်ကြောင့်လည်းချစ်ခြင်းမေတ္တာသည် ဖြစ်တတ်၏။ရှေးရေစက်ကိုပုဗ္ဗေဝသန္နိဝါသဟူ၍ ခေါ်၏။ပစ္စုပ္ပန် ရင်းနှီးမှုကြောင့်လည်းချစ်ခြင်းမေတ္တာ သည် ဖြစ်တတ်၏။ပစ္စုပ္ပန် ရင်းနှီးမှုကို ပစ္စုပ္ပန္နဟိတ ဟူ၍ခေါ်၏။ဒေသနာတော်အရဆိုလျှင် ချစ်ခြင်းမေတ္တာ ဖြစ်ရာ၌ဤအကြောင်းနှစ်ပါးသာ ရှိ၏။ဤသတို့သမီးအတွက်ဆိုလျှင် ရှေးရေစက်သည် များစွာပြဋ္ဌာန်း၏။ ယခုအခါဤသတို့သမီးကားတာဝတိံသာနတ်သမီး မဟုတ်တော့။သာဝတ္ထိပြည်သူ အမျိုးသမီးဖြစ်၏။ ထို့ကြောင့်လောကထုံးတမ်းအရအရွယ်ရောက် လာသောအခါသင့်လျော်ရာ အမျိုးသားတစ်ယောက်နှင့် အိမ်ထောင်ချပေးလိုက်၏။ ဤသတို့သမီးသည်ယခုအခါအိမ်ရှင်မ ဖြစ်သွားလေပြီ။အိမ်ရှင်မဖြစ်သွားသဖြင့်ထိုခေတ် ယဉ်ကျေးမှုအရအိမ်ရှင်မတို့၏တာဝန်ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်ပါ၏။ထို့ပြင်ထိုစဉ်က သာဝတ္ထိပြည်၌သာသနာတော်သည်ထွန်းလင်း၏။ သာသနာတော်ထွန်းလင်းသည့် အလျောက်လည်း ဤသတို့သမီးသည်မြတ်စွာဘုရား၏သာသနာတော်၌ ကြည်ညို၏။ရဟန်းသံဃာတော်များကားမြေဩဇာ ကောင်းသောလယ်ယာနှင့် တူ၏။မြေဩဇာကောင်း သော လယ်ယာ၌ မည်သည့်မျိုးစေ့ကိုစိုက်စိုက်၊ စိုက်သမျှသည် ဖြစ်ထွန်း၏။ ထိုနည်းအတူပင် ရဟန်းသံဃာတော်များ၌မည်သည့်ကောင်းမှုကိုပြုပြု၊ မိမိပြုသမျှကောင်းမှုသည် မိမိလိုချင်သောအကျိုးကို ပေးသည်သာဖြစ်၏။ထို့ကြောင့် ရဟန်းသံဃာတော် များကို ပုညခေတ္တ ဟူ၍ ဆိုခြင်းဖြစ်၏။ ပုညခေတ္တ ဟူသည်မှာ ကောင်းမှုများကို စိုက်ပျိုးရာမြေဟူ၍ ဖြစ်၏။သာဝတ္ထိပြည်၌ ကောင်းမှုများကို စိုက်ပျိုးရာမြေသည်ပေါများလှ၏။တကယ်တမ်း စိုက်ပျိုးဖို့သာအရေးကြီး၏။ ဤသတို့သမီးသည်ရဟန်းသံဃာတော်များ၌ ကောင်းမှုများကို ပြုလုပ်၏။ ပြုလုပ်သော ကောင်းမှုများ၏အကျိုးတရားအနေဖြင့် မာလာဘာရီ နတ်သား၏ဇနီးဖြစ်ရန်သာ ဆုတောင်း၏။ အခြား မည်သည့်ဆုကိုမျှမတောင်း။ထို့ကြောင့် ဤသတို့သမီးကို ပတိပူဇိကာ ဟူ၍ ရဟန်းသံဃာတော်များကအမည်ပေးထား၏။ ပတိပူဇိကာ၏အနက်မှာ လင်ယောကျာ်းကို ပူဇော်သူ ဟူ၍ ဖြစ်၏။ဤ၌ လင်ယောကျာ်းဟူသည်မှာ မာလာဘာရီနတ်သားဖြစ်၏။ လက်ရှိ လင်ယောကျာ်း မဟုတ်။သို့ရာတွင်ရဟန်းသံဃာတော်များကမူ ပတိပူဇိကာ မြတ်နိုးသောလင်ယောကျာ်းဟူသည် သာဝတ္ထိပြည်သားလက်ရှိ လင်ယောကျာ်းဟူ၍သာ မှတ်ထင်ကြ၏။မာလာဘာရီနတ်သားဟူ၍ မမှတ်ထင် ကြ။ ထို့ကြောင့်ရဟန်းသံဃာတော်များက ပတိပူဇိကာ ကို လင့်ဝတ္တရား ကျေသူအဖြစ်လည်းကောင်း၊သာသနာတော်အတွက် ကျေးဇူးများသူအဖြစ်လည်းကောင်းမှတ်ယူနေကြခြင်း ဖြစ်၏။မိခင်သဖွယ်ခင်မင်လေးစားနေကြခြင်း ဖြစ်၏။
ပတိပူဇိကာသည်သာဝတ္ထိပြည်သားလင် ယောကျာ်းနှင့်သားလေးယောက်ရ၏။ ထို့နောက် ပတိပူဇိကာသည်အသက် အတိုင်းနေ၍ ကွယ်လွန်လေ၏။ ပတိပူဇိကာ ကွယ်လွန်သောအခါ သူမတောင့်တသည့် အတိုင်းပင်မာလာဘာရီ နတ်သားထံ၌ပြန်၍ ဖြစ်၏။ထိုအချိန်၌ မာလာဘာရီနတ်သားနှင့်နတ်သမီးတို့သည် ပန်းဥယျာဉ်၌ ပျော်မြူးတုန်းပင်ရှိသေး၏။လူ့ပြည်၌ နှစ်ပေါင်းတစ်ရာသည် တာဝတိံသာ နတ်ပြည် ၌ တစ်ရက် ဖြစ်လေရာ ပတိပူဇိကာ ပျောက်သွားခြင်း သည် တာဝတိံသာ နတ်ပြည်အတွက် ခဏသာ ဖြစ်လေ၏။ ပတိပူဇိကာကိုတွေ့သောအခါ မာလာဘာရီ နတ်သားက အသင်နတ်သမီးကို မတွေ့မိဘူး၊ဘယ်ရောက်နေတုံး ဟူ၍ မေးမြန်းသောအခါပတိပူဇိကာနတ်သမီးက မိမိသည် နတ်သမီးဘဝမှစုတေ၍ သာဝတ္ထိပြည်၌ လူသွားဖြစ်ကြောင်း၊အမျိုးကောင်းသား တစ်ယောက်နှင့် အိမ်ထောင်ကျ၍သားလေးယောက် ရခဲ့ကြောင်း၊ယခု လူ့ဘဝမှစုတေ၍ တာဝတိံ နတ်ပြည်၌ အရှင်မာလာဘာရီနတ်သားထံတွင် နတ်သမီးပြန်ဖြစ်ပါကြောင်းဖြင့်ပြန်ကြား၏။ ထို့အပြင်ပတိပူဇိကာ နတ်သမီးကလူတို့၏ သက်တမ်းသည်လူတို့၏အရေအတွက်အရ နှစ်ပေါင်းတစ်ရာဟူ၍ ဆိုရသော် လည်း တာဝတိံသာနတ်တို့၏အရေအတွက်အရဆိုပါလျှင် တစ်ရက်မျှသာ ရှိကြောင်း၊လူတို့သည် နှစ်ပေါင်းတစ်ရာကိုပင်နှစ်ပေါင်းအသင်္ချေကဲ့သို့ မှတ်ယူပြီးကောင်းမှုကုသိုလ်ကိုမပြုလုပ်ကြဘဲ မေ့မေ့လျော့လျော့နေတတ်ကြကြောင်းဖြင့် ပြောလေရာ၊မာလာဘာရီနတ်သားသည် လူတို့အတွက်များစွာသံဝေဂဖြစ်လေ၏။ တာဝတိံသာ နတ်တို့၏အမြင်အရဆိုပါလျှင် လူ့ပြည်၌လူ့သက်တမ်းအရနှစ်ပေါင်းတစ်ရာ ဆိုသည်မှာ ဘာမျှကြာလိုက်သော ကာလမဟုတ် ကြောင်း၊ဝဋ်ဒုက္ခမှ လွတ်မြောက်ရေးအတွက်မမေ့ မလျော့သော သတိတရားဖြင့် ကုသိုလ်ကောင်းမှုများကို ကြိုးစား၍ ပြုလုပ်သင့်ပါကြောင်းဖြင့် မာလာဘာရီနတ်သားက ပတိပူဇိကာအား ပြောကြားပြီးလူတို့ အတွက်သံဝေဂ ဖြစ်လေ၏။ နောက်နေ့၌ရဟန်းများသည် ပတိပူဇိကာ ဆွမ်းကပ်ရာဇရပ်သို့ ရောက်လာကြ၏။ဆွမ်းစားဇရပ် သည် ခါတိုင်းနှင့် မတူတော့။နေရာ ထိုင်ခင်းများ သည်လည်းသပ်သပ်ရပ်ရပ် မရှိ။သောက်ရေသုံးရေ များသည်လည်းအဆင်သင့်မရှိ။အားလုံး ရှုပ်ပွေနေ၏။ထိုအခါကျမှပတိပူဇိကာ ဒါယိကာမသည် လွန်ခဲ့သော နေ့ကကွယ်လွန်သွားပြီ ဖြစ်ကြောင်းရဟန်းများသိကြ၏။ပတိပူဇိကာသည် သာသနာတော်အတွက် များစွာ ကျေးဇူးများသူ ဖြစ်၏။ ထို့ကြောင့် ရဟန်းတော်များကပတိပူဇိကာအပေါ် မိခင်သဖွယ် မြတ်နိုးကြ၏။ယခု ပတိပူဇိကာ ကွယ်လွန်ကြောင်းသိကြသောအခါပုထုဇဉ် ရဟန်းတို့သည် ငိြုွေကးကြ၏။ရဟန္တာ များမှာမူ ဓမ္မ သံဝေဂဖြစ်ကြ၏။ငိြုွေကးခြင်းမပြုကြ။ရဟန္တာများ သည် သောကကိုလည်းပယ်ပြီးပြီ၊ပရိဒေဝကိုလည်း ပယ်ပြီးပြီ၊ဒေါမနဿကိုလည်းပယ်ပြီးပြီ။ထို့ကြောင့် ရဟန္တာများအနေဖြင့်ငိြုွေကးခြင်းကိုမပြုကြခြင်း ဖြစ်၏။ ရဟန်းတို့သည် ဇေတဝန်ကျောင်းတော်သို့ ပြန်ရောက်သောအခါ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ကြပြီးနံနက်ပိုင်းက အကောင်းပကတိ ဖြစ်ပါလျက်ညဥ့်ပိုင်း၌ ကွယ်လွန်သွားသောပတိပူဇိကာဥပါသိကာမ အကြောင်းကို လျှောက်ထားပြီးယခုဥပါသိကာမသည် မည်သည့်ဘုံဘဝ၌ဖြစ်နေပါသနည်းဟူ၍ မေးမြန်းလျှောက်ထားသောအခါမြတ်စွာဘုရားက ပတိပူဇိကာ ဥပါသိကာမသည် တာဝတိံသာ နတ်ပြည်၌ခင်ပွန်းဟောင်းဖြစ်သူ မာလာဘာရီ နတ်သားထံ၌ပြန်ဖြစ်ကြောင်းမိန့်ကြားတော်မူပြီး၊ ဘဝကိုပန်းခူးခြင်းလုပ်ငန်းနှင့်နှိုင်းယှဉ်ပြီး အောက်ပါအတိုင်းဂါထာဖြင့် ဟောကြားတော်မူ၏။ -ပန်းခူးသူသည် ပန်းတို့ကို အာသာရမ္မက်ဖြင့် ဆွတ်ယူသကဲ့သို့၊ -ကာမဂုဏ်တို့၏စုဝေးရာဘဝ၌ အာသာရမ္မက် ငမ်းငမ်းတက်နေသူများကိုသေမင်းသည် ဆွတ်ခူးလေ၏။ ကာမဂုဏ်တို့၏စုဝေးရာဘဝဟူသည်ပန်းသဖွယ် ဖြစ်၏။ပန်းခူးသူများသည် မရသေးသော ပန်းများကိုလည်းအာသာရမ္မက်ဖြင့်ဆွတ်ခူး၏။ခူးပြီး သော ပန်းများကိုလည်းမညှိုးနွမ်းအောင် ထိန်းသိမ်း၏။ ညှိုးနွမ်းသွားသော ပန်းများကိုမူ စွန့်ပစ်ပြီးနောက်ထပ် ပန်းများကိုခူးပြန်၏။ဤသည်မှာ ပန်းခူးသူတို့၏ ဓမ္မတာဖြစ်၏။ ပန်းခူးသူသည်မိမိ ခူးသောပန်းများကို မိမိအတွက် အလှဆင်ရန်ခူးသည်လည်းရှိ၏။ဘုရားတင်ရန် ခူးသည်လည်းရှိ၏။ ရောင်းဖို့ရန်ခူးသည်လည်းရှိ၏။ အခမ်းအနား၌ အလှဆင်ရန်ပန်းခူးသည်လည်းရှိ၏။ အမှန်အားဖြင့်ပန်းခူးသူသည် ပန်းများကိုသူ၏ ဆန္ဒအတိုင်းအသုံးချချင်သလို အသုံးချလေ၏။ လူ့ဘဝဟူသည်မှာလည်းပန်းများသဖွယ်ဖြစ်ပါ၏။ ပန်းများလှသလိုလူ့ဘဝသည်လှပါ၏။ပန်းများ မွှေးသလို လူ့ဘဝသည်မွှေးပါ၏။ လှသော၊မွှေးသော ပန်းများကိုပန်းခူးသူကခူးပြီးသူအသုံးချချင်သလို ချ၏။ထိုနည်းအတူ လှသော၊မွှေးသောလူ့ဘဝများကို သေမင်းကခူးပြီးသူ အသုံးချချင်သလို ချလေ၏။ လှသော၊မွှေးသောပန်းများကို လောက၌ ထိုက်ထိုက်တန်တန် အသုံးချရသလို လှသော၊ မွှေးသောလူ့ဘဝများကိုလည်းလောက၌ ထိုက်ထိုက်တန်တန် အသုံးချ၍ရပါ၏။ပန်းများကို ဘုရားတင်၍ပူဇော်သလိုမိမိတို့၏ဘဝကိုလည်း လောကအတွက်ပူဇော်နိုင်ပါ၏။ဘုရားတင်၍ ပူဇော်ခြင်းဖြင့်ပန်းများကို ထိုက်ထိုက် တန်တန် အသုံးချသလိုလောကအတွက် ပူဇော်ခြင်းဖြင့် မိမိတို့၏ဘဝကို ထိုက်ထိုက်တန်တန်အသုံးချ၍ ရပါ၏။ပန်းအလှနှင့် ဘဝအလှကိုမည်သို့ အသုံးချမည်နည်း။ ပန်း၏အလှသည် ပန်းအတွက်လည်းဖြစ်၏။ ဥယျာဉ်မှူးအတွက်လည်းဖြစ်၏။ လောကအတွက်လည်းဖြစ်၏။ထိုနည်းအတူ လူ့ဘဝ၏အလှသည် မိမိအတွက်လည်း ဖြစ်၏။ နိုင်ငံတော်အတွက်လည်းဖြစ်၏။ လောကအတွက်လည်းဖြစ်၏။ရတနသုတ် ပရိတော်၌ မြတ်စွာဘုရားကဘဝ၏အလှကို လောကအတွက်၊ဆွေမျိုးဉာတကာတို့အတွက် အသုံးချရန် စရိယာ အနေဖြင့် ဟောကြားတော်မူခဲ့၏။ လောကတွင် မြင့်မြတ်သူ ဟူသမျှသည် မိမိတို့ဘဝ၏ အလှကိုရတနသုတ်တော်လာ မြတ်စွာဘုရား ဟောကြားတော်မူ ထားသည့်အတိုင်း အသုံးချသည်ချည်းဖြစ်၏။မိမိတို့၏ဘဝအလှကို ထိုကဲ့သို့ အသုံးမချသရွေ့ကာလပတ်လုံးမိမိကိုယ်ကို မိမိကဘယ်လောက်ပင် တော်သည်ဟု ထင်ထင် လူဖြစ်စေ၊နတ်ဖြစ်စေ၊ဗြဟ္မာဖြစ်စေမည်သူမဆို အညံ့ချည်းသာ ဖြစ်၏။ အမှန်အားဖြင့်မိမိတို့၏ ဘဝအလှကိုမြတ်စွာဘုရားဟောကြားတော် မူသည့်အတိုင်း အသုံးချနိုင်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်မည်ဖြစ်၏။သို့မဟုတ်ပါက ဗုဒ္ဓဘာသာဝင် အတုသာဖြစ်ပေလိမ့်မည်။ ဤသည်မှာဂါထာ၏ဆိုလိုရင်းဖြစ်ပါ၏။
No comments:
Post a Comment