ငရဲဆိုတာတကယ်ရှိတယ်တဲ့.....
******************
လွန်ခဲ့တဲ့တစ်လလောက်ကဗုဒ္ဓဘုရားရှင်အပေါ်ကို စော်ကားပြောဆိုထားတဲ့ဝက်ဘ်ဆိုက်တစ်ခုကို အင်တာနက်မှာဖတ်မိပြီးဒီဆောင်းပါးလေး ရေးချင်စိတ်ဖြစ်သွားတာနဲ့ ရေးဖြစ်သွားတယ်။ ပြန်လည်ပြီးတိုက်ခိုက်ပြောဆိုဖို့ရာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စွတ်စွဲပြောဆိုသူရဲ့ စကားလုံးတွေကကြမ်းတမ်းပြီးတော့ တစ်ခုမှလည်း မမှန်ကန်လို့ပါ။ဗုဒ္ဓဘာသာတွေဘက်ကလည်း ပြန်လည်တိုက်ခိုက်ပြောဆိုတာတွေရှိပါတယ်။ အဲဒီလိုတွေအပြန်အလှန် ပြောဆိုနေကြရင်ဖြင့် ဘယ်တော့မှလည်းအဖြေမှန်ကို ရမှာမဟုတ်ပါဘူး။ အဓိကငြင်းခုန်နေကြတာကတော့ငရဲရှိမရှိဆိုတာနဲ့ နိဗ္ဗာန်ရှိမရှိဆိုတာတွေပါပဲ။ငရဲဆိုတာ ဗုဒ္ဓဘာသာတွေရဲ့မရောက်ချင်ဆုံးသော နေရာတစ်နေရာ ဖြစ်သလို ထို့အတူပဲ နိဗ္ဗာန်ဆိုတာဟာလည်းဗုဒ္ဓဘာသာတိုင်းရဲ့ ပန်းတိုင်ပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့ အသက်လောက်ယုံထားတဲ့ ယုံကြည်ချက်ကို တစ်ခြားတစ်ယောက်ကပုတ်ခတ်ပြောဆိုခွင့် မရှိပါဘူး။ဒါဟာဘယ်ဘာသာရယ်မှ မဟုတ်ဘဲ ဘာသာအားလုံးရဲ့ဥပဒေသပါ။လောကမှာ မြတ်စွာဘုရားပွင့်တော်မူလာတာဟာ ရည်ရွယ်ချက်သုံးပါးရှိပါတယ်။ ဗုဒ္ဓဘာသာတွေ သိပြီးသားဖြစ်ပေမယ့်နားမလည်သေးတဲ့ သူတွေ အတွက်ရှင်းပြချင်ပါတယ်။ဒီရည်ရွယ်ချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို စာရေးသူလည်းဟိုတုန်းကသိပ်နားမလည် မရှင်းလင်းခဲ့ပါဘူး။တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသဟောကြားရှင်းလင်းပြသည့် တရားတော်ကိုနာကြားပြီးကတည်းက သဘောတော်တော်ကျသွားပါတယ်၊ဘုရားအပေါ်ကို ယုံကြည် ကြည်ညိုတဲ့စိတ်လည်း ပိုပိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ရည်ရွယ်ချက်သုံးပါးက(၁) အတ္တ (၂)ဟိတ(၃) သုခတို့ပါပဲ၊အတ္တဆိုတာ အကျိုးများဖို့ဟိတဆိုတာ အစည်းအပွားဖြစ်ထွန်းဖို့နဲ့ သုခဆိုတာ ချမ်းသာဖို့လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေရဲ့ အကျိုးစည်းပွားအတွက်ဆိုတာ လူများစုအတွက်ပါ၊ပါဠိလိုတော့ ဗဟုဇနဟိတ ဗဟုဇနသုခလို့ပါပါတယ်။အကုန်လုံးတော့လည်း မတတ်နိုင်ပါဘူး။ဒီနေရာမှာ ဘုရားရှင်ပွင့်လာတာနဲ့ လူတွေစည်းပွားဖြစ်သွားပါပြီလား လူတွေချမ်းသာသွားပါပြီလားမေးစရာရှိလာပါတယ်၊ မေးလည်းမေးပါ။ဗုဒ္ဓ၀ါဒကိုက၀ိဘဇ္ဇ၀ါဒ ဝေဘန်စီစစ်ခံတဲ့ဝါဒဖြစ်ပါတယ်။ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူအများစု ဘာလို့ဆင်းရဲသလဲ၊မေးပါ-မေးလည်းမေးနေကြပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ထိုမေးခွန်းတွေရဲ့အဖြေအတွက်ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကုသမှုမှာအင်မတန် ကျွမ်းကျင်တော်မူတဲ့ဆေးပါရဂူတစ်ယောက်နဲ့ ဥပမာပေးတော်မူခဲ့ပါတယ်။ ဆေးပါရဂူတစ်ယောက်ဟာသူ့ထံကို လူနာလာမကုချင်ရင်ဖြင့်လည်းနေပါ။ နေလို့ရပါတယ်၊လာကုလှည့်ပါလို့ မပြောပါဘူး။ သူ့ကိုယုံလို့ လာပြီးဆေးကုတဲ့လူတွေကတော့ဖြင့် သူ့စကားကို သေသေချာချာနားထောင်ရပါမယ်။ ဒီအစားအစာကိုမစားနဲ့လို့ သူကပြောရင်မစားဘဲ နေရမှာပါ။ဒီနေ့မှရေချိုးဆိုရင်ထိုနေ့ကျမှ ရေချိုးရပါမယ်။စသည်စသည်ဖြင့် သူ့စကားကို သေချာနားထောင်ရမှာပါ။
နားထောင်ရဲ့သားနဲ့မှ ရောဂါမပျောက်ရင်ဖြင့် ဆေးဆရာရဲ့တာဝန်ပါပဲ။ကိုယ်ကတော့ဖြင့် ဆေးဆရာရဲ့စကားကို နားထောင်ချင်တဲ့စကားကိုကြ နားထောင်လိုက်မယ်-ကိုယ်မကင်းနိုင်တဲ့ အရာကိုတော့ နားမထောင်ဘဲနေမယ်ဆိုရင်တော့ ရောဂါမပျောက်ခဲ့ရင်ဆေးဆရာနဲ့ မဆိုင်တော့ပါဘူး။
ဆိုတော့ဖြင့် ဗုဒ္ဓဘာသာအများစုကကော ဆေးဆရာနဲ့တူတဲ့မြတ်စွာဘုရားရှင်ရဲ့စကားကို သေချာနားထောင်နေပါရဲ့လား၊ဘုရားရှင်က ကြီးပွားဖို့ရန်ဟောထားသောတရားတော်တွေ များစွာရှိပါတယ်၊လူတွေသေချာလိုက်နာ ကျင့်သုံးကြပါရဲ့လား၊ပြန်လည်မေးရပါလိမ့်မယ်။ လူတွေရဲ့စည်းပွားချမ်းသာကိုမဆိုထားန ကျန်းမာရေးအခြေခံဖြစ်တဲ့လက်သည်းခြေသည်း ရှည်လာရင် လှီးဖြတ်ဖို့ရန်ဆိုတဲ့ သေးသေးမွှားမွှားကိစ္စကလေးကိုပင်ဘုရားရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ဟောခဲ့ပြီးသားပါ။ ကျန်းမာရေးကောင်းဖို့ ဘယ်လိုနေထိုင်ရမယ်စည်းပွားကို ဘယ်လိုရှာရမယ် စသည်ဖြင့် ဘုရားရှင်ဟောတော်မူခဲ့ပြီးသားပါ။ လူတွေအကုန်လိုက်နာကြပါရဲ့လား။ လိုက်နာကျင့်သုံးမှုတော့ မပြုလုပ်ဘဲမချမ်းသာတော့မှ ဗုဒ္ဓဘာသာကြောင့်ဆိုတဲ့ အရာကတော့ တော်တော်လေးပညာရှိမဆန်တဲ့စကားပဲလို့ ဆိုရမှာပါ။
နောက်တစ်ခုကဘုရားရှင် ပွင့်တော်မူလာခြင်းကြောင့် လူတွေဘာအကျိုးများရသလဲလို့ မေးလာခဲ့ရင်(ဗုဒ္ဓ ဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်များက) ဖြေစရာက လွယ်လွယ်ကူကူလေးပဲ ရှိပါတယ်။ ဘုရားရှင်ပွင့်တော်မူလာခြင်းကြောင့်လူတွေမှာ ပညာအလင်းလို့ခေါ်တဲ့ ဉာဏ်စက္ခုပေါ်လာရပါတယ်၊ ပြောရရင် အသိဉာဏ်ကျယ်လာကြပါတယ်။ဥပမာ ဘုရားသာမပွင့်ခဲ့ လူတွေဟာဘယ်လောက်ထိ လောကကြီးအကြောင်းကိုသိကြမလဲ၊ဒီလောကကြီးမှာ သက်ရှိဆိုလို့ လူရယ် တိရစ္ဆာန်ရယ်လောက်ပဲ ရှိတယ်လို့သိကြမှာပါ။ဘုရားရှင်ပွင့်တော်မူလာလို့ ထိုသက်ရှိတွေအပြင် ငရဲဘုံတွေနတ်ပြည်တွေ ဗြဟ္မာတွေရှိသေးတယ်ဆိုတာကို သိလာရပါတယ်။ နောက် ဆင်းဆင်းရဲရဲဖြင့် အသက်ရှင်ရတဲ့ ပြိတ္တာဆိုတဲ့သတ္တ၀ါတွေရှိသေးတယ်ဆိုတာကို သိလာရပါတယ်-ဒါဟာ အသိဉာဏ်ကျယ်လာတာပါပဲ။ ဒီနေရာမှာ ငရဲစတာတွေကို ဘုရားရှင်ကမရှိတာတွေကို ဟောထားတယ်ခြောက်ပြီးမြှောက်ပြီး ဟောထားတယ်လို့ ပြန်လည်မေးမယ်ဆိုရင် မေးလို့ရပါတယ်၊မေးလည်းမေးစေချင်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်ဖြစ်တော်မူလာတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမည်ဖြစ်ပါတယ်.။
ထိုသမိုင်းကတော့ ကမ္ဘာကလည်း ရှေးဟောင်းအထောက်အထားတွေအရ အတည်ပြုလက်ခံထားတဲ့အရာပါ၊ဂေါတမ ဘုရားရှင်ဟာ အမျိုးကိုကလောကရဲ့စည်းစိမ်မှာ အမြင့်ဆုံးဖြစ်တဲ့မင်းမျိုးကနေ တောထွက်လာတဲ့ အိမ်ရှေ့စံအမျိုးကောင်းသားပါ။ရှင်ဘုရင် သေချာပေါက်ဖြစ်လာမဲ့သူပါ။ ရာသီအလိုက်နေလို့ရတဲ့ ထီးနန်းသုံးဆောင်ရှိပါတယ်၊ စည်းစိမ်တွေလိုက်လံပြောဆိုမယ်ဆိုရင်တော မဆုံးပါဘူး.၊အဓိကကတော့ သူဟာ ဘုရင်ဖြစ်တော့မယ့်သူပါ။ ထိုလောကစည်းစိမ်ဥစ္စာတွေကို စွန့်ပစ်ခဲ့ပြီးတောထွက်တော် မူလာတာပဲ ဖြစ်ပါတယ်၊ ကိုယ့်အတွက်ဖြစ်လာမဲ့ အဆုံးအစွန်သော အကျိုးအမြတ်တွေကိုလုံးလုံးလျားလျားစွန့်ခဲ့တာပါ၊ သေချာစဉ်းစားကြည့်ရင် စိတ်ဝင်စားစရာကောင်းလှပါတယ်. အဲဒါလောက် ကိုယ့်အကျိုးစွန့်ခဲ့သူကနောက်ထပ်များ ဘာလိုချင်သေးလို့ တစ်စုံတစ်ရာ ညာပြီးပြောဦးမှာလဲ၊ လောကမှာ ညာတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိတတ်ကြပေမဲ့ မူလအကြောင်းကတော့အကျိုးလိုလို့ ညာကြတာပါပဲ။ ဟိုမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးက တစ်ကယ့်စည်းစိမ်တွေကိုစွန့်ခဲ့ပြီးကာမှ ဘာတွေများ နောက်ထပ်လိုဦးမှာမို့ ညာရဦးမှာပါလဲ။စာရေးသူက ဗုဒ္ဓဘာသာမို့ ဘုရားရှင်ဘက်က ကြည်ညိုစိတ်နဲ့ရေးနေတာမဟုတ်ပါဘူး..။ စဉ်းစားလည်းစဉ်းစားကြပါ။ တွေးတွေးဆဆလည်းယူကြပါ။ ဘုရားရှင်တောထွက်တော်မူတုန်းကတော့ အရာအားလုံးကိုသိတဲ့ဉာဏ်ကို ရဖို့ဆိုတဲ့ ကိုယ့်အကျိုးနဲ့ တောထွက်ခဲ့တာတော့ မှန်တယ်၊ မှန်ပါတယ်။ဒါပေမဲ့လည်းဒီတရားတော်တွေက အဲဒီဉာဏ်ကိုရပြီးမှဟောထားတာတွေပါ။ စဉ်းစားကြမယ်ဆိုရင် လောကဘက်ကကြည့်ရင်လည်းရှင်ဘုရင်ဖြစ်မဲ့သူ-ဓမ္မဘက်ကကြည့်မယ်ဆိုရင်လည်းအရာအားလုံးကို သိတဲ့ ဉာဏ်ကိုရဖို့ခြောက်နှစ်လုံးလုံး တရားကျင့်ခဲ့သူ- ဆိုတော့ဖြင့် နောက်ထပ်များ ဘာလိုသေးသလဲ။ထမင်းအကြမ်း ဟင်းအကြမ်းလေးတွေရဖို့လောက်ကိုများဘုရားက ညာဦးမှာပါလား.။ဇေတ၀န်တို့ပုပ္ဗာရုံတို့ဆိုတဲ့ ကျောင်းကလေးတွေရဖို့လောက်များဘုရားက ညာဦးမှာတဲ့လား..။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ရှင်းပြချက်များ ဒီနေရာမှ အလွန်ကောင်းလှပါတယ်။ စာရေးသူကတော့ ကိုယ့်ဉာဏ်မှီသလောက်လေးနဲ့ပဲ စာဖတ်သူများကို တင်ပြနေတာပါ၊ပြည့်ပြည့်စုံစုံ နားလည်ချင်ရင်ဖြင့် ဆရာတော်ကြီးရဲ့အခွေတွေ ၀ယ်ယူပြီးနားထောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘုရားရှင်ကငရဲဆိုတာကို မရှိဘဲနဲ့များဘာလို့ ဘာရည်ရွယ်ချက်နဲ့ ရှိတယ်ပြောမလဲ.တစ်ကယ့် ဘာသာရေးခေါင်းဆောင်ဖြစ်လာမဲ့သူက မဟုတ်တာကို အဟုတ်လုပ်ပြီးအချည်းအနှီး ဘာအတွက်ပြောနေမှာလဲ။မရှိတာကို ရှိတယ်လို့ပြောလို့ကောဘာအကျိုးရှိမှာမို့ပါလဲ။ နိဗ္ဗာန်ဆိုတာလည်းထို့အတူပါပဲ။
ဘာပဲဖြစ်ဖြစ်မျက်စိမှိတ်ဟုံရမယ်ဆိုတာမျိုးတွေ ဗုဒ္ဓဘာသာမှာမရှိပါဘူး..။ဒါကိုဘုရားရှင်က အသေအချာမိန့်တော်မူခဲ့ပါတယ်၊ အခါတပါးမှာ မြတ်စွာဘုရားကေသမုတ္တိမည်သောကာလာမ နိဂုံးရွာမှာ ကာလာမမျိုးတို့ကို ဘာသာရေးနဲ့ ပတ်သက်ပြီးစီစစ်ဝေဖန်ဖို့ကို လမ်းညွှန်ချက် ဆယ်ချက်ပေးတော်မူခဲ့ပါတယ်။ထိုလမ်းညွှန်ချက် ဆယ်ချက်ကအောက်မှာပါတဲ့ အတိုင်းပဲဖြစ်ပါတယ်။
၁။တစ်ဆင့်စကားကြားယုံမျှဖြင့် မှန်ပြီဟုလက်မခံကြလေနဲ့။ ၂။ရိုးရာအစဉ်အလာဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၃။ကောလာဟာလဖြစ်နေတဲ့အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၄။ကိုယ့်၏ကျမ်းစာနှင့် ကိုက်ညီနေသည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၅။စိတ်ကူးနှင့် မှန်းဆပြီးတော့လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၆။အချက်အလက်အချို့ကို ကောက်ချက်ကြနိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၇။အကြောင်းအကျိုးတည့်သည်ဟု ဆင်ခြင်နိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၈။ကိုယ်တိုင်ကြိုတင်ထင်မြင်ယူဆထားသော အချက်အလက်နှင့် ကိုက်ညီသောကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၉။တစ်စုံတစ်ရာကို လက်ခံသင့်သည်ဟု ထင်ရုံမျှဖြင့်လည်းမှန်ပြီဟုလက်မခံကြလေနဲ့။ ၁၀။ဟောပြောသောသူသည် မိမိက ရိုသေလေးစားထိုက်သူ ဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။တို့ပဲ ဖြစ်ပါတယ်။
ငါ့ဘာသာမို့မှန်တယ်ဆိုတဲ့ အပြောမျိုးကိုဘုရားက ဘယ်နေရာမှာမှ မဟောခဲ့ပါဘူး။ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဖို့သာ တိုက်တွန်းတော်မူခဲ့ပါတယ်။ အံ့သြစရာအင်မတန်ကောင်းလှတဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ဝင်ပြီးလေ့လာကြပါ။ သို့သော် တိတိကျကျတော့ လေ့လာပါ။ဟိုလူ ဒီလူရေးထားတဲ့စာလေးတွေကို မဖတ်ဘဲ ဘုရားရှင်ဟောတဲ့ ပါဠိတော်များကို အဓိပ္ပါယ် ကျကျနနနားလည်အောင် လေ့လာစေချင်ပါတယ်၊ တစ်ချို့ကကိုယ့်ဘုရားရှင်ကိုအလွန်ကြည်ညိုစိတ်နဲ့ အလွန်အကြူးချီးကျူးပူဇော်ဂုဏ်ပြုထားတာတွေ ရှိတတ်ပါတယ်..။ဒါဟာဘာသာတိုင်းလိုလိုပါပဲ။ ထိုစာတွေကိုဖတ်ပြီးဝေဖန်မနေဘဲနဲ့ တိုက်ရိုက်ဘုရားဟောတွေကို ၀င်ဖတ်ကြည့်ပါ။ သိပ္ပံနဲ့လည်းအလွန်ကိုက်ညီပါတယ်။ရုပ်ကို ခွဲခြမ်းတာတွေကိုလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းကဘုရားက အရာအားလုံးကိုသိတဲ့ဉာဏ်နဲ့ ဟောခဲ့ ပြောခဲ့ပြီးသားပါပဲ။သိပ်မကြာတတ်သေးခင်ကမှ သိပ္ပံပညာရှင်တွေက ခွဲခြမ်းနိုင်တာပါ.၊ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နိုင်ငံတွေကဆင်းရဲတော့ ကျယ်ကျယ်ပြန့်ပြန့်မဖြန့်နိုင်လို့သာ ရှေးကျတဲ့ ဘုရားရှင်ရဲ့ ဟောပြောချက်တွေကို လူတွေက မသိခဲ့ကြရတာပါ။သို့ဆိုလျှင်ဖြင့် တစ်ချို့သောသူတို့ကပြောကြပါလိမ့်မည်။သူတို့က လက်တွေ့ဆန်တယ် ။
ဗုဒ္ဓဘုရားကလက်တွေ့ဟုတ်လို့လားလို့ မေးကြမယ်ဆိုရင်ဖြင့်--- ဆရာတော်ဘုရားကြီး ပြန်မေးသွားပုံလေးနဲ့ပဲဒီဆောင်းပါးလေးကို အဆုံးသတ်လိုက် ချင်ပါတယ်..။ ဆရာတော်ဘုရားကြီးကလက်တွေ့ဝါဒီသမားတွေကို ဒီလိုမေးခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လက်တွေ့ဆိုတာတွေကိုအမောင်တို့က ဘယ်တုန်းကများ သွားလက်တွေ့လိုက်တာတုန်း.. ဘုရားရှင်ရဲ့စကားတော်တွေက လက်တွေ့မဟုတ်ဘူးလို့ ဆိုရအောင် အမောင်တို့က ဘယ်တုန်းကများလာပြီး လက်တွေ့မဟုတ်လိုက်တာတုန်း.. ဆိုတဲ့စကားလေးပါပဲ။ စာရေးသူ--->>>>>>> အရှင်ဇဋိလ-က၀(သီတဂူဓမ္မကထိက)
ကေတုမတီအဆောင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး၊စစ်ကိုင်း။..မှ ကူးယူဖော်ပြအပ်ပါသည်။
mrcopy2110.blogspot.com
Posted via Blogaway
No comments:
Post a Comment