Sunday, January 17, 2016

သုံး မိနစ်တရား

" သုံးမိနစ် တရား "
အမိဝမ်းတွင်းက မျက်စိနှစ်ကွင်းအလင်းမရတဲ့ ၀မ်းတွင်းကန်းတစ်ယောက်ကို လူတစ်ယောက်က ညစ်ပေနေတဲ့ လုံချည်ကို လာပေးပြီး " ဒီလုံချည်ဟာ အလွန်အဖိုးတန်ပြီး အင်မတန်လှပတဲ့ လုံချည်ပဲ ၊ မင်းနဲ့ထိုက်လို့ မင်းရတာ မင်းသိပ့်ကံကောင်းတာပဲလို့ " ပြောပြီး ပေးသွားတယ်။

အဲဒါကို ၀မ်းတွင်းကန်းက ၀တ်ထားပြီးတော့ အဟုတ်မှတ်ပြီး မသိပျော် ပျော် ၊ မသိကြွား ကြွားနေတယ် ။
တနေ့မှာ လူတစ်ယောက်ကတွေ့လို့ သနားဂရုဏာသက်ပြီး ၀မ်းတွင်းကန်းကို ခေါ်ကာ
" မင်းဝတ်ထားတဲ့ လုံချည်က လက်ခူဆုပ်ကြီး ညစ်ပေနေပြီး အိုးမည်းတွေပေနေတယ်
ရော့ ဒီလုံချည်ယူပြီး အ၀တ်လဲလိုက်လို့ " ပြောပြီးပေးသွားတယ်။

အဲဒါကို ၀မ်းတွင်းကန်းက လုံချည်အလဲမခံဘူး။
လက်ရှိဝတ်ထားတဲ့ လုံချည်ကိုပဲ အကောင်းထင်နေတယ် ဘယ်လိုမှ အ၀တ်လဲဖို့အပြောမခံဘူး ။
ဝတ်လာခဲ့တဲ့ အချိန်တွေ - နေရက်တွေက များလာတော့ အ၀တ်လဲဖို့မလွယ်ကူတော့ဘူးပေါ့။
အ၀တ်ပေးတဲ့သူနဲ့လည်း မတွေ့ခဲ့ရ - မကြုံခဲ့ရ
တစ်ခါမှ မလဲခဲ့ဘူးတော့ ပိုဆိုးတာပေါ့ ။

အ၀ိဇ္ဇာအမှောင်ဖုံးလွှမ်းခံထားရတဲ့ ပုထုဇဉ်အကန်းတွေကလည်း တဏှာကပေးထားတဲ့
လူအ၀တ် - နတ်အ၀တ် - ဗြဟ္မာအ၀တ်တွေကို
အဟုတ်မှတ်ပြီး မသိပျော် ပျော် ၊ မသိကြွား ကြွားနေတယ် ။
သစ္စာတရားတွေ ဟောနိုင်ဟောတတ် ပြောနိုင်ပြောတတ်တဲ့ ဆရာကောင်း သမားကောင်းတွေနဲ့တွေ့လို့ သစ္စာအ၀တ်လုံချည်ပေးနေတာတောင်မှ မယူလို - မ၀တ်လိုဘူးဖြစ်နေတယ်။

အ၀ိဇ္ဇာဖုံးကွယ်ထားတော့ အဆိုးကို - အကောင်းထင် ၊
အမည်းကို - အဖြူလို့ထင် ၊ ဒုက္ခကို - သုခလို့ထင်တော့တာပေါ့ ။
ဒီအဖြစ်အပျက်ကို ကြည့်ပြီးတော့ အလွန်တရာ သံဝေဂရမိပါတယ်။
ကိုယ့်အဖြစ်က အဲလောက်တောင် ဆိုးခဲ့ - မိုက်ခဲ့ပါလား တွေးမိတယ်။
ဆရာကောင်း - သမားကောင်းတွေနဲ့တွေ့လို့
သစ္စာအ၀တ်ပေးနေတာတောင်မှ မယူလို - မ၀တ်လိုဘူး မလဲလိုဘူး။
လောကီ အာရုံ ကာမဂုဏ်တွေအပေါ်
တဏှာသမုဒယသံယောဇဉ် ဘယ်လောက်ထိကြီးမားနေပြီလဲ ဆိုတာကို မှန်းဆလို့ရပြီပေါ့။

" ဓမ္မစာပေများကို
ဖတ်ရတဲ့အတိုင်း - သိနိုင်ပါစေ
သိတဲ့အတိုင်း - ကျင့်နိုင်ပါစေ
ကျင့်တဲ့အတိုင်း - ရရှိနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ "
ဖတ်ရတယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါဦး။

♕ ရှင်တစ်ထောင်ဆရာတော် ♕
http://mrcopy2110.blogspot.com

No comments:

Post a Comment