Friday, January 15, 2016

သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?

(မှတ်သားစရာ ပညာပေးစကားဖြစ်ပါတယ်) တခါက မောင်ဖြူနဲ့ မောင်မဲ တို့ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတခုမှာ အလုပ် ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစား လုပ်ကြပါတယ်။ နှစ်အနည်းငယ် ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာအဖြစ် ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါ တယ်။ မောင်မဲဟာ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာ ရေးပြီး သူဌေးဆီ သွားတယ်။ "ဒီမှာသူဌေး...ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကို တန်ဖိုးမထားပဲ ဖားတဲ့ သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက် တယ်"လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ်။ ဒါကြောင့် သူ့သူငယ်ချင်းနဲ့ သူ့အကြားမှာ ကွာခြားချက်ကို သူသိစေချင်တာနဲ့- မင်း အလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည် ရှာပေးနိုင်မလား"? လို့ မေးပါတယ်။ မောင်မည်းက ခေါင်းညိတ်တော့ " အေး...ဖရဲသီး တကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ"လို့ ခိုင်းတယ်။ မောင်မဲလည်း ထွက်သွားပြီး မကြာခင် ပြန်ရောက်လာပါတယ်။ "တကီလို ၁၂-ဒေါ်လာပါဆရာ" သူဌေးက "အေး...အဲဒီ မေးခွန်းကိုပဲ မင်းသူငယ်ချင်း မောင်ဖြူ ကိုလည်း ငါမေးဦးမကွာ" ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းလိုက်ပါတယ်။ မောင်ဖြူပြန်လာတော့ "သူဌေးခင်ဗျား...ဖရဲသီးသည် တသည်ပဲ တွေ့ခဲ့ပါတယ်။ တကီလိုကိုတော့ ၁၂-ဒေါ်လာပါ။ ၁ဝ-ကီလို ယူရင် ဒေါ်လာ.၁ဝဝ-နဲ့ ရပါမယ်။ လောလောဆယ် သူ့မှာ ဖရဲသီး အလုံး.၃၄ဝ-ရှိပါတယ်။ ဆိုင်မှာ ခင်းထားတာက ၅၈.လုံးပါ။ တလုံးကို.၁၅.ကီလို လောက်ရှိပါတယ်။ မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ။ အားလုံး လတ်လတ်ဆတ်ဆတ်တွေချည်းပါပဲ။ ဖုန်းဆက်ချင်ရင် ဒီမှာ သူ့ဖုန်းနံပါတ်ပါ" မောင်မဲဟာ သူ့ သူငယ်ချင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့ သူငယ်ချင်းကို အရမ်း အထင်ကြီး လေးစားသွားပါသတဲ့။ အလုပ်မထွက်တော့ပါဘူး။ သူငယ်ချင်းဆီက လေ့လာသင်ယူစရာတွေ ရှိသေးတယ်လေ။ ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့ သူတွေပါ။ မနက်ဖြန်အတွက် မင်းတွေးနေချိန်မှာ သူက နှစ်နဲ့ချီပြီး တွေးပြီးသွားပြီ။ ရက်နဲ့ နှစ်ဆိုတာ ၃၆၅.ဆ ၁.ဆ ကွ။ ကဲ... သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုတင် စဉ်းစားထားပြီးပြီလဲ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ။ မြန်မာ့စကားများမှာ ခြေခြေမြစ်မြစ်ရှိတာ၊ စေ့စပ်သေချာတာ၊ အမြင်ကျယ်တာ၊ တို့၊ အမေမှာတဲ့ ဆန်တခွဲ၊ သုံးစိပ်နဲ့ မလဲ၊ မဖြစ်စေနဲ့ ဆိုတာများနဲ့ အတူတူပင်။ ကြိုတင် စဉ်းစား ပြင်ဆင်မှုဆိုတာ နေရတိုင်းမှာ ထိရောက်တဲ့ လိုအပ်ချက်ပါပဲ။
Posted via Blogaway

No comments:

Post a Comment