Thursday, January 14, 2016

သဘာဝဓမ္မအကျင့်တရား


ဘုရားသာသနာတော်မှာမဂ္ဂင်ရှစ်ပါး အကျင့်တရားကလွဲလို့တခြားကျင့်စရာမရှိပါ။
မဂ္ဂင်ရှစ်ပါးအကျင့်တရားဆိုတာကလည်းပဲ လူတိုင်းလူတိုင်းသန္တာန်မှာအခြေခံအားဖြင့် ရှိနေတဲ့ တရားပဲ။

ရှိနေတဲ့တရားကိုအရှိအတိုင်းသိအောင် လေ့ကျင့်ရမှာ။ကိုယ့်သန္တာန်မှာဘာတွေရှိတုန်း ဆိုရင်အာရုံပြုကြည့်၊ဘုန်းကြီးတို့တတွေမှာ ကာယဆိုတဲ့ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်နော်၊အာရုံကို သိတတ်တဲ့အသိစိတ်ဆိုတာရှိတယ်၊ ဝေဒနာလို့ဆိုတဲ့ခံစားချက်တွေရှိတယ်၊မှတ်သိမှု တွေးကြံမှုဆိုတဲ့သဘာဝဓမ္မတွေရှိပါတယ်။

သြော် ကိုယ့်သန္တာန်မှာရှိတဲ့ဒီသဘာဝတရားတွေကိ သူ့သဘာဝအတိုင်းမြင်အောင်ရှုမှတ်ပွား များနေတာဟာမဂ္ဂင်ရှစ်ပါးကျင့်နေတာပဲဖြစ်တယ်။
ဥပမာထွက်လေ၀င်လေလေးကိုရှုနေလို့ရှိရင် ကာယာနုပဿနာပဲ၊ ၀မ်းနည်းတယ်၊၀မ်းသာတယ်၊ ချမ်းသာတယ်၊ဆင်းရဲတယ်ဆိုတဲ့ ခံစားချက် လေးကိုရှုနေလို့ရှိရင်ဝေဒနာနုပဿနာ၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့လောဘနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဒီစိတ်ကလေးတွေကိုရှုမယ်ဆိုလို့ရှိရင် စိတ္တာနုပဿနာ၊ ကျန်တဲ့ကြံတွေးမှု၊ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေစသည်ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ၊အဲဒီလိုမိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကိုအမှန်မြင်အောင်ကြည့်ဖို့လို အပ်ပါတယ်။

အဲဒီလိုအမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်၊သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်ဖို့ အတွက်ဆိုရင် သမ္မာသင်္ကပ္ပ ဆိုတဲ့မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုပါတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်ကြိုးစားဖို့လိုအပ်ပါတယ်။

ဒါက-သမ္မာဝါယာမ၊ထိုကြိုးစားတဲ့အခါမှာ စိတ်စိုက်ဖို့လိုအပ်ပါသေးတယ်၊ ဒါက-သမ္မာသတိ၊ အာရုံတစ်ခုထဲမှာစိတ်ကို ငြိမ်အောင် ထားတာကသမ္မာသမာဓိပါ၊ပေါင်းလိုက်တဲ့အ ခါကျတော့ မဂ္ဂင်ငါးပါး၊ဒီမဂ္ဂင်ငါးပါး အဓိကဖြစ်တယ်၊ ကာရာပကမဂ္ဂင် သို့မဟုတ် ကာရကမဂ္ဂင် လို့ ခေါ်ပါတယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါမှာဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့အလုပ်လုပ်သွားပြီဆိုလို့ရှိရင် သဘာဝတွေ ကိုအမှန်အတိုင်းသိနိုင်မှာဖြစ်ပါတယ်။

ဆိုပါစို့ထွက်လေ၀င်လေလေးကို ရှုမှတ်နေတယ် ဆိုလို့ရှိရင်ထွက်လေ၀င်လေလေးကို သူ့သဘာဝလေးအတိုင်းမသိသိအောင်ကြိုးစားတာ သမ္မာဝါယာမ၊ထိုထွက်လေ၀င်လေလေးကို အမြဲတမ်းသတိကပ်ထားတာကသမ္မာသတိ၊ ထိုထွက်လေ၀င်လေလေးကိုအာရုံတစ်ခုထဲပေါ်မှာ စိတ်ကိုတည်ငြိမ်အောင် ထားတာကသမ္မာသမာဓိ၊ ထွက်လေ၀င်လေလေးရဲ့သဘာဝကို စဉ်းစားတွေးခေါ်နေတာကသမ္မာသင်္ကပ္ပပါ။

အဲဒီလိုလေးခုပေါင်းစပ်လိုက်တဲ့အခါသမ္မာဒိဋ္ဌိ၊ ထွက်လေ၀င်လေလေးရဲ့သဘာဝတ ရားကိုအမှန်မြင်လိုက်တာကသမ္မာဒိဋ္ဌိ၊ထွက်လေ ၀င်လေလေးရဲ့သဘာဝတရားကိုအမှန်မြင် လိုက်တဲ့သမ္မာဒိဋ္ဌိဆိုတာပေါ်လာပါတယ်၊အဲဒီလို အမှန်မြင်လိုက်တယ်ဆိုတာထွက်လေ၀င်လေ လေးဟာသူ့သဘာဝပါပဲ၊ ထွက်လေ၀င်လေပဲ ငါမဟုတ်ပါလား ဆိုတာမြင်လာတယ်၊ငါမဟုတ်ဘူး ဆိုတဲ့အမြင်ဟာအမှန်မြင်ပါ။

အဲဒီ အမှန်မြင်လိုက်တဲ့အခါကျတော့မှ ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ပတ်သက်လာပြီးတော့အမှန်မြင်လာတာနဲ့ တစ်ပြိုင်ထဲ ငြီးငွေ့မှု ဆိုတာပေါ်လာပါတယ်၊ ငြီးငွေ့လာတာနဲ့တစ်ပြိုင်နက်ထဲ တွယ်တာမှု ဆိုတာ မရှိတော့ပါ။

တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် လွတ်မြောက် သွားပါတယ်။
အဲဒီလိုအဆင့်ဆင့်အကျိုးရှိသွားအောင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကကာယ၊ စိတ္တ၊ဝေဒနာ၊ဓမ္မလို့ဆိုတဲ့ သတိပဋ္ဌာန် အာရုံလေးပါးအပေါ်မှာလူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာ ပဲဖြစ်ဖြစ်မိမိတို့အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင်ခုနကပြောတဲ့ အသိဉာဏ်တွေအားလုံးပေါ်လာကြမှာပါ။
အဲဒီလိုပေါ်လာတဲ့အခါမှာဝိမုတ္တလွတ်မြောက်မှုဆိုတာ ကိုရမှာဖြစ်ပါတယ်။
အဲဒီလိုမှမကြည့်နိုင်ဘူးဆိုရင်အတွယ်အတာတွေနဲ့ လူတွေမှာဘာတွေဖြစ်မလဲ?၊တွယ်တာ မှုရှိရင်သောကတွေလာပါမယ်၊ သောကတွေဖြစ်ရင် ဒုက္ခတွေဖြစ်ပါမယ်။

ဒေါမနဿတွေဖြစ်ပါ မယ်။သောကတွေနဲ့လူ့လောကမှာ လူတွေနေကြရပါတယ်၊အဲဒီသောကတွေ ပရိဒေ၀တွေ၊ငိုကြွေး ရပါတယ်၊ စိတ်ဆင်းရဲရပါတယ်၊ကိုယ်ဆင်းရဲရပါတ ယ်၊ အဲဒါတွေလွန်မြောက်ဖို့အတွက်နည်းလမ်း ကတော့တစ်ခုထဲပဲရှိပါတယ်၊ ဒီနည်းလမ်းဟာ မြတ်စွာဘုရားချမှတ်တော်မူတဲ့ဒီမဂ္ဂင်ရှစ်ပါးသတိ ပဋ္ဌာန်အကျင့်တရားပါပဲ။

တရားချစ်ခင် သူတော်စင်ပရိသတ်တို့ကလည်း ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာမဂ္ဂင် ရှစ်ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

{၁၃၆၈ခုနှစ်၊ တပို့တွဲ လပြည့်ကျော်၈ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ အရှင်နန္ဒမာ လာဘိဝံသ(Ph.D)ဟောကြားသောရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှကောက်နုတ် ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော်အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သြူ မတ်ဘုရား)

ဦးသိန်းဝေ


Posted via Blogaway

No comments:

Post a Comment