ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ
************
ဘယ်အရွယ်မှာ တရားအားထုတ်ရင် အကောင်း ဆုံးဖြစ်မလဲဆိုတဲ့ဒီမေးခွန်းရဲ့ အဖြေကိုမဖြေခင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ဝတ္ထုလေး တစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။ မဟာဓနသူဌေး သားရဲ့ဝတ္ထုလေးပါ။ မြတ်စွာဘုရားလက်ထက်တော်ကကုဋေ ရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ သူဌေးသားတစ်ယောက် ရှိပါတယ်။သူဌေးသားရဲ့မိဘတွေကသားဖြစ်သူကို ချစ်လွန်းအားကြီးလို့ဒီတစ်သက်စားမကုန်ဘူးဆိုပြီး ပညာ မသင်စေဘဲ ကတာ၊သီချင်းဆိုတာ၊ တီးမှုတ်တာလောက်ပဲ သင်စေပါတယ်။ အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋေရှစ်ဆယ်ြွကယ်ဝချမ်းသာတဲ့ ပညာမတတ်တဲ့ သူဌေးသမီးတစ်ယောက်နဲ့အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်ြွကယ်ဝချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ဒီလိုနဲ့ နှစ်ဘက် မိဘတွေ ကွယ်လွန်သွားကြရောပဲဆိုပါတော့။ သူဌေးဆိုတော့ဘုရင့်ဆီကို နေ့စဉ် အခစားဝင် ရပါတယ်။ဒါကိုနေ့စဉ်တွေ့နေရတဲ့ အရက်သမား တွေကစည်းရုံးဖို့ပြင်ဆင်ကြပါတယ်။တစ်နေ့ သူဌေးသားဘုရင့်ဆီကပြန်အလာ လမ်းမှာ အရက်သမားတွေကအရက်ကိုသောက်ပြ၊ အမြည်းကိုစားပြနဲ့-အရှင်သူဌေးသား၊အသက်တစ်ရာရှည်ပါစေ၊ အရှင်သူဌေးသားကို အမှီပြုပြီး စားနိုင်သောက်နိုင်ရပါလို၏။လို့ ဆုတောင်းကြပါတယ်။ဒီလိုနဲ့ အရက်သမားတွေနဲ့ပေါင်းမိပြီးအရက်တွေ သောက်ဖြစ်သွားပါတယ်။ စာထဲမှာပြထားတာကတော့သူဌေးသားကငွေတွေကို ဘေးမှာပုံပြီးသူ့ရဲ့သောက်ဖော်သောက်ဖက် အရက်သမားတွေနဲ့ပန်းတွေဝယ်ခိုင်းလိုက်၊ နံ့သာတွေဝယ်ခိုင်းလိုက်၊ပြီးတော့ တီးတတ်မှုတ်တတ်တဲ့ သူတွေခေါ်ပြီးတီးခိုင်းမှုတ်ခိုင်း၊ သီချင်းဆိုတတ်တဲ့ သူတွေခေါ်သီချင်းဆိုခိုင်း၊ ကတတ်တဲ့သူတွေကိုကခိုင်း၊ဆုငွေတွေကို တစ်ထောင် နှစ်ထောင်မျိုးဆုချလိုက်၊အရက်တွေ သောက်လိုက်နဲ့အလုပ်မလုပ်ဘဲ အရက်ချည်း ထိုင်သောက်နေလိုက်တာပစ္စည်းတွေကုန်ခန်းပြီး တောင်းစားရတဲ့ဘဝရောက်သွားရောပဲဆိုပါတော့။ တစ်နေ့မှာ မြတ်စွာဘုရားကတောင်းစားနေတဲ့ သူဌေးလင်မယားကိုရဟန်းသာမဏေတွေက စားကြွင်းစားကျန်တွေပေးနေတာတွေ့မြင်တော့ အရှင်အာနန္ဒာကို အောက်ပါအတိုင်း မိန့်တော်မူပါတယ်။ ချစ်သားအာနန္ဒာ၊အခုမြင်နေရတဲ့နှစ်ယောက်ကို ကြည့်စမ်းပါ။သူဌေးသားဟာ ပထမအရွယ်မှာ တကယ်လို့စီးပွားရှာလိုက်ရင် ဒီမြို့မှာ ပထမအချမ်းသာဆုံးသူဌေးကြီးဖြစ်လိမ့်မယ်။အိမ်မှ ထွက်ပြီးရဟန်းပြုတရားအားထုတ်လိုက်မယ်ဆိုရင် အရဟတ္တ ဖိုလ်ကို ရလိမ့်မယ်။သူ့မယားဟာလည်း အနာဂါမိ ဖိုလ်ကို ရလိမ့်မယ်။ဒုတိယအရွယ်မှာ စီးပွားရှာ လိုက်ဦးမယ်ဆိုရင်လည်းဒီမြို့မှာ ဒုတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုတရားအားထုတ်မယ်ဆိုရင် အနာဂါမ်ဖြစ်လိမ့်မယ်။မယားလည်းသကဒါဂါမ် ဖြစ်လိမ့်မယ်။ဒါမှမဟုတ် သတိဥာဏ်ဝင်ပြီးတတိယ အရွယ်မှာ စီးပွားရှာလိုက်ဦးမယ်ဆိုရင်လည်းတတိယ အချမ်းသာဆုံးသူဌေးကြီးဖြစ်လိမ့်မယ်။ရဟန်းပြု တရားအားထုတ်မယ်ဆိုရင် သကဒါဂါမ် ဖြစ်လိမ့်မယ်။မယားကသောတာပန်ဖြစ်လိမ့်မယ်။ အခုအရွယ်မှာတော့ အချိန်တွေလွန်ခဲ့ပြီ။လူ့ စည်းစိမ်တွေမှဆုတ်ယုတ်ခဲ့သလိုရဟန်းအဖြစ်ဆိုတဲ့ မဂ်ဖိုလ်တွေမှလည်းဆုတ်ယုတ်ခဲ့ပြီ။ရေခြောက်သွေ့ နေတဲ့ ရေအိုင်ကိုရောက်ရှိနေတဲ့ကြိုးကြာငှက်လိုဖြစ် ခဲ့ရရှာပြီ။ အားလုံးကြားဖူးထားတဲ့ ဝတ္ထုလေးပါ။
အထက်ကဝတ္ထုလေးမှာ မြတ်စွာဘုရားကအရှင် အာနန္ဒာကိုမှတ်ချက်ချပြတဲ့စကားလေးကအဓိက လိုရင်းပါ။ မြတ်စွာဘုရားရဲ့အဓိကလိုရင်းမှတ်ချက် ကလေးကိုပဲ ကိုင်ပြီးပြောရအောင်ပါ။ လောကလူသားတွေပြောနေကြတဲ့ စကားရှိပါတယ်။ ဘာလဲဆိုတော့ ပထမအရွယ်ပညာရှာ၊ဒုတိယအရွယ် ဥစ္စာရှာ၊တတိယအရွယ် တရားရှာတဲ့။ဒီ ဆောင်းပါးမှာတော့ တရားထူးတရားမြတ်ရဖို့ နည်းလမ်းကိုပဲ ဦးစားပေးရေးသွားမှာဆိုတော့ ကျန်တဲ့ အစိတ်အပိုင်းတွေကို မသုံးသပ်တော့ပါဘူး။ဒီတော့ တရားထူးတရားမြတ် ရဖို့ဘယ်အရွယ်ဟာ အခွင့်အရေးအသာဆုံးလဲဆိုရင်မြတ်စွာဘုရားရှင်ရဲ့ စကားတော်ကိုထောက်ပြီးပထမအရွယ်ဟာ တရားထူးတရားမြတ်ရဖို့အခွင့်အရေးအသာဆုံးပါ။ မဟာဓနသူဌေးသားဝတ္ထုလေးကိုထပ်အာရုံပြု ကြည့်ပါဦး။မဟာဓနသူဌေးသားလင်မယားဟာ ပထမ အရွယ်မှာသာတရားအားထုတ်ရင်ယောက်ျားက ရဟန္တာဖြစ်ပြီးမိန်းမကအနာဂါမ်ဖြစ်ရမှာပါ။ ပထမအရွယ်မှာသတိမေ့ပြီးတရားအားမထုတ် ဖြစ်တာ ထားလိုက်ပါဦး။ဒုတိယအရွယ်မှာ သတိသံဝေဂဖြစ်ပြီးတရားအားထုတ်လိုက်မယ် ဆိုရင်လည်းယောက်ျားကအနာဂါမ်တည်ပြီးမိန်းမက သကဒါဂါမ်ဖြစ်ရမှာပါ။ ဒုတိယအရွယ်မှာသတိမေ့ပြီး တရားအားမထုတ်ဖြစ်တာထားလိုက်ပါဦး။ တတိယ အရွယ်မှာ သတိသံဝေဂဖြစ်ပြီး တရားအားထုတ်လိုက်မယ်ဆိုရင်လည်း ယောက်ျားလုပ်သူကသကဒါဂါမ်ဖြစ်ပြီး မိန်းမလုပ်သူကသောတာပန်ဖြစ်ရမှာပါ။ အခုတော့ အရွယ်သုံးပါးလွန်ခဲ့ပြီ ဖြစ်သလို တရားထူးတရားမြတ်တွေနဲ့ ဝေးသွားခဲ့ရပါပြီ။ ဒီဝတ္ထုလေးကိုထောက်ပြီးတရားထူးတရားမြတ်ရဖို့ ပထမအရွယ်ဟာပထမအခွင့်အရေးအသာဆုံးပါ။ ဒုတိယအရွယ်ဟာဒုတိယအခွင့်အရေးအသာဆုံးပါ။ တတိယအရွယ်ဟာတတိယအခွင့်အရေး အသာဆုံးပါ။အဓိကပြောလိုရင်းကတော့ ငယ်ရွယ်နုပျို နေတဲ့ ပထမအရွယ်ဟာ တရားထူး တရားမြတ်ရဖို့အခွင့်အရေးအသာဆုံးဖြစ်သလို တရားအားထုတ်လို့ အကောင်းဆုံးအရွယ်လည်း ဖြစ်ပါတယ်။ စာရေးသူကတော့ လူငယ်တွေနဲ့တွေ့ရတဲ့အခါတိုင်း တရားအားထုတ်တာ ငယ်လေကောင်းလေပဲ လို့ဆိုပြီး အထူးပဲတိုက်တွန်းဖြစ်ပါတယ်။လူငယ်တွေဟာ လောကီအာရုံတွေ အများကြီးမတွေ့ရသေးတော့ တကယ့် အဖြူထည်ကလေးပါ။အရောင် မတင်ရ သေးပါဘူး။ အရောင် မတင်ရသေးတဲ့ အဖြူဆွတ်ဆွတ်မှာ ဘာအရောင်တင်တင် စွဲပါတယ်။ ဒါကြောင့် အဖြူထည်အရွယ်လေးတွေမှာ ဝိပဿနာအရောင်ဆိုးပေးရင် သိပ်စွဲလွယ်သလို သိပ်လည်းခိုင်ခန့်ပါတယ်။ ဣဿာမစ္ဆရိယရာဂလောဘဒေါသသောကစတဲ့ ကိလေသာ အညစ်အကြေးတွေနည်းနေသေး တာရယ်၊ရုပ်ကလည်းနုပျို၊နာမ်ကလည်း နုပျိုနေတာကြောင့်တရားအားထုတ် ရတာ အကောင်းဆုံးအရွယ်ပါပဲ။ရုပ်ကလည်း နုပျို၊ နာမ်ကလည်းနုပျိုနေတဲ့အချိန်ဟာ ဘာလုပ်လုပ် တက်တက်ကြွကြွရှိသလို ရုပ်နောက်ကိုနာမ်က ကောင်းကောင်းလိုက်နိုင်သလိုနာမ်နောက်ကိုလည်း ရုပ်ကကောင်းကောင်းလိုက်နိုင်ပါတယ်။ ကမ္မဋ္ဌာန်းဆရာကထိုင်ဆိုလည်း ထိုင်လိုက်နိုင်တာပါပဲ။ထဆိုလည်းထçလိုက်နိုင်တာ ပါပဲ။စင်္ကြံလျှောက်ဆိုလည်း လျှောက်လိုက်နိုင်တာပါပဲ။ဒီလို ပြင်မှတ်လိုက်ဆိုလည်းမှတ်လိုက်နိုင်တာပါပဲ။ဒါဟာ နုပျိုခြင်းရဲ့အခွင့်အရေးတွေပါပဲ။ နုပျိုခြင်းဆိုတာဘဝမှာတစ်ကြိမ်သာရတာပါ။ဘဝမှာ တစ်ကြိမ်သာရတဲ့ နုပျိုခြင်းဆိုတဲ့ အခွင့် အရေးကိုရနေတုန်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ပစ်လိုက်တာဟာဘဝအတွက် အဓိပ္ပာယ်ရှိသွားတာပါပဲ။ နုပျိုတုန်းမှာ တရားအားထုတ်ပါဆိုတော့ ပညာသင်ကြားမှု၊အလုပ်လုပ်မှု အားလုံးကို စွန့်လွှတ်ပြီးအားထုတ်ရမှာလားဆိုတော့အဲဒီလိုလည်း မဟုတ်ပါဘူး။ဝိပဿနာတရားအားထုတ်တယ်ဆိုတာ ကိုယ့်ဟာကိုယ် အားထုတ်လို့မရပါဘူး။ဆရာ လိုပါတယ်။နည်းလိုပါတယ်။ဆရာနဲ့နည်း ရဖို့အတွက်ရိပ်သာ တစ်ခုခုမှာ ဆယ်ရက်ဖြစ်စေ၊ ဆယ့်ငါးရက်ဖြစ်စေဝင် ရပါ့မယ်။တစ်လလောက် ဝင်လိုက်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူဆန်ဆန်ပြောရင်တော့ သင်တန်းတက်လိုက်တာပါပဲ။ဒါဆိုရင် နည်းကောင်းကောင်းရသွားပါပြီ။နည်းရပြီဆိုရင် ကိုယ့်အိမ်မှာ အချိန်ပိုင်းလေးနဲ့ အားထုတ်သွားလို့ရပါတယ်။မနက် နာရီဝက်၊နေ့ခင်း နာရီဝက်၊ ညနာရီဝက်လောက် အားထုတ်သွားနိုင်တယ်ဆိုရင်ပဲမဆိုးပါဘူး။ တရားအားထုတ်ပြီးစမှာ စိတ်ထားလေးတွေက ကောင်းနေတတ်ပါတယ်။စိတ်ထားလေး ကောင်းနေတော့ ဘယ်သူနဲ့ပဲစကားပြောပြော အဆင်ကိုပြေနေတာပါပဲ။ တစ်ဘက်သားကမချေမငံ ပြောလာရင်တောင်ကိုယ်က သည်းခံပြီးသားဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ နေ့ခင်းပိုင်းလောက်အရောက်မှာတော့ စိတ်ထားကလေးကနည်းနည်းညံ့ချင်လာပါပြီ။ဒီတော့ ဘက်ထရီ အားကုန်တဲ့အခါချာဂျင်ပြန်သွင်းရသလို ပါပဲ။ကိုယ့်နှလုံးသားထဲကို ဝိပဿနာချာဂျင် နာရီဝက် ဒါမှမဟုတ် ဆယ့်ငါးမိနစ်လောက်ပြန်သွင်းရပါတယ်။ ဒီလိုပါပဲ ညပိုင်းကျတော့ စိတ်ထားလေးက ညံ့ချင်လာပြန်ပါပြီ။ဒါကြောင့်တစ်ခါဝိပဿနာချာဂျင် နာရီဝက်၊ဆယ့်ငါးမိနစ်လောက် ထပ်သွင်းရပါတယ်။ တစ်နေ့ကို ဝိပဿနာချာဂျင် မနက် တစ်ခါနေ့လယ် တစ်ခါညတစ်ခါတစ်နေ့ သုံးခါလောက်တော့ နေ့စဉ် သွင်းပေးရပါတယ်။ ဒီအပြုအမူလေးတွေဟာ ကိုယ့်ဘဝနဲ့ကိုယ့်လုပ်ငန်း ခွင်ကိုအထောက်အကူပြုပြီးသား ဖြစ်နေတတ်ပါတယ်။တစ်နေ့တစ်နေ့ လူမျိုးစုံနဲ့ တွေ့နေရတာဆိုတော့ဆုံးဖြတ်ချက်မှားမသွားအောင် ကိုယ့်နှလုံးသားထဲကိုဝိပဿနာချာဂျင်လေးတွေ အားကုန်ခါနီးတိုင်းပြန်ပြန် သွင်းသွင်းပေးရပါတယ်။ တကယ်လို့တစ်စုံတစ်ယောက်နဲ့ အဆင်မပြေ ဖြစ်ပြီး စကားကို ပက်ခနဲ ပြန်ပြောမိခဲ့ပြီဆိုရင် ကိုယ့်ကိုယ်ကို သတိထားကြည့်လိုက်ပါ။ဝိပဿနာချာဂျင် အားကုန်နေလို့ဆိုတာတွေ့ရပါလိမ့်မယ်။ တရားအားထုတ်လို့ရတဲ့ အရသာဟာ ဘာနဲ့မှလဲလို့ မရပါဘူး။ဒါကတရားအားထုတ်ဖူးသူတိုင်း သိပါတယ်။ မဝင်ဖူးသေးရင်တော့ ]ဖြစ်မှဖြစ်ပါ့မလားဆိုပြီးစိုးရိမ်နေတတ်တာပါ။ ရိပ်သာထဲရောက်သွားရင်တော့သူလို ကိုယ်လိုလူတွေ အများကြီးနဲ့တွေ့ပြီးအဆင်ပြေသွားကြတာပါပဲ။ ကဲ-ထားပါတော့။တတိယအရွယ်အိုမှတရားဝင်ပြီပဲ ဆိုပါတော့။တတိယအရွယ် ဆိုတာ ရုပ်ကလည်းအို၊ နာမ်ကလည်အိုလာပါပြီ။ရုပ်ကအိုလာပြီဆိုရင် ထိုင်ရထရတာ လည်းအဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်းကြာကြာမထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါးမိနစ်တစ်ခါလောက်ပြင်ပြင်နေရပါတယ်။ တချို့ဝတဲ့လူတွေဆိုရင် ထိုင်ရတာတော်တော်လေး ခက်ပါတယ်။တချို့ဆိုရင် လူတွဲနဲ့မှထနိုင် ထိုင်နိုင်ပါ တယ်။ဒါဟာရုပ်အိုခြင်းရဲ့လက္ခဏာတချို့ပါ။ နာမ်အိုတယ်ဆိုတာကသတိတွေမေ့နေတာပါ။ဥပမာ အခန်းထဲဆေးယူမယ်ဆိုပြီးဝင်သွား၊ အခန်းထဲကျတော့ ငါဘာယူမလို့ပါလိမ့် ဆိုပြီးမေ့နေ၊ အခန်းထဲကနေအပြင်ပြန် ထွက်လာပြီးမှ ဪ သြော် ငါဆေးယူဖို့ ဝင်သွားတာပဲ ဆိုပြီးသတိရပြီး အခန်းထဲပြန်ဝင်ရ၊ဒါဟာ နာမ်အိုခြင်းရဲ့လက္ခဏာတချို့ပါ။ တရားထိုင်တဲ့အခါမှာလည်းရုပ်အိုလာတဲ့အတွက် ကြာကြာမထိုင်နိုင်၊ကြာကြာမထိုင်နိုင်တော့ မကြာခဏပြင်၊မကြာခဏပြင်တော့သမာဓိပျက်။ နောက် နာမ်ကအိုလာတဲ့အတွက် ကမ္မဋ္ဌာန်း အာရုံပေါ်မှာသတိကောင်းကောင်း မကပ်နိုင်တော့ပါဘူး။နာမ်နဲ့လုပ်ရတဲ့အလုပ်မှာ နာမ်ကအိုသွားတဲ့အတွက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့သဘောပါ။ဒီတော့ သမာဓိကတော်တော်နဲ့မဖြစ်။သမာဓိ မဖြစ်တော့ ဥာဏ်စဉ်တွေကမထင်နဲ့၊ကမ္မဋ္ဌာန်းဆရာက တရားစစ်တဲ့အခါကျတော့ရှေ့ကယောဂီငယ်ငယ် ကလေးမလေးတွေကသာ ဘယ်လိုမှတ်လိုက်တယ် ဘုရား၊ဘယ်လိုမှတ်လိုက်တယ် ဘုရားနဲ့ လျှောက်စရာတွေ တစ်လှေကြီးလျှောက်သွား၊ ကိုယ့်မှာတော့ဘာမှလျှောက်စရာမရှိ။ ဒီတော့ စိတ်ဓာတ်တွေကျပြီးအိမ်ပြန်ချင်စိတ်ပေါက်လာ၊ အိမ်ပြန်ရောက်ပြီးနောက်တစ်ခါတရားဝင်ဖို့ သားသမီးတွေကတိုက်တွန်းရင် တစ်ကြိမ်တည်းနဲ့ သေမလောက် ကြောက်သွားတော့တာပါပဲ။ဒါဟာ တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ် အိုခြင်းရဲ့ဆိုးပြစ်လက္ခဏာတွေပါပဲ။ နောက် တတိယအရွယ်ရဲ့ဆိုးကျိုးတစ်ခုလည်း ရှိပါသေးတယ်။ယောဆရာတော်ဘုရားရဲ့ တရားတွေထဲမှာ အိုလာပြီဆိုရင် အိုပယ် ဖြစ်တတ်တယ်ဆိုတဲ့ စကားလုံးလေး မကြာခဏပါလေ့ရှိပါတယ်။အိုပယ် ဆိုတဲ့ စကားလုံးကလေးကသိပ်လှတာပါ။အိုလာပြီ ဆိုရင် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေကကိုယ့်ကို ပယ်ထားလိုက်တာပါ။ထမင်းကျွေးရုံ၊အဝတ်ဆင်ရုံ ကလွဲလို့ အကြံဥာဏ်ယူတာတိုင်ပင်ဆွေးနွေးတာတွေ မရှိတော့ပါဘူး။ ကိုယ်နဲ့ခပ်လှမ်းလှမ်းမှာမြေးတွေကတိုးတိုးတိုးတိုးနဲ့ စကားပြောနေမယ်၊ကိုယ်ကဒါကို ဟဲ့ မြေးတို့ ဘာတွေပြောနေတာလဲလို့သွားမေးမယ်။ဒီတော့ မြေးတွေက အို ဒါလူကြီးတွေရဲ့ကိစ္စမဟုတ်ပါဘူး။ လူငယ်တွေရဲ့ကိစ္စပါလို့ ပြန်ပြောခံရ။တချို့ ငွေကြေးလည်းချမ်းသာပါရဲ့၊ပညာလည်းတတ်ပါရဲ့၊ မိသားစု အသိုင်းအဝိုင်းကလည်းပေါပါရဲ့၊သတင်းစာ စာအုပ်ကြော်ငြာလေးကိုဖတ်ပြီး သားရေ အရှင်ဆန္ဒာဓိကရဲ့နောက်ဆုံးထွက်စာအုပ်ကလေး ဝယ်ခဲ့ပါဦးလို့မှာဖြစ် လိုက်ပါရဲ့။ တစ်ရက်လည်းပါမလာ၊နှစ်ရက်လည်းပါမလာ။ ရက်တွေသာ ကြာသွားတယ် လိုချင်တဲ့စာအုပ်ကမရ။ ကိုယ်တိုင်ထွက်ဝယ်ဖို့ကျတော့လည်းကားရှိပေမဲ့ မောင်းပို့မယ့်သူ မရှိ။ဒါတွေဟာအိုပယ်ရဲ့ထင်ရှားတဲ့ လက္ခဏာဆိုးတချို့ပါ။ တခြားဒီထက်ဆိုးတဲ့ကိစ္စတွေလည်းရှိချင်ရှိဦးမှာပါ။ တကယ်လို့သာ ပထမအရွယ်မှာတရားကို ကြိုးကြိုးစားစားအားထုတ်ခဲ့ရင်သူတို့ဘယ်လောက်ပဲ အိုပယ်လုပ်ထားလုပ်ထား၊ကိုယ်ကကိုယ့်ဝိပဿနာ တရားလေးနဲ့နေနေလိုက်ရင် အိုပျော် ဖြစ်သွားမှာပါ။ ဝိပဿနာတရားဆိုတာတစ်ယောက်တည်း တစ်စိတ်တည်းအားထုတ်ရတာဆိုတော့သူတို့အိုပယ် လုပ်လေကိုယ့်အတွက် တရားမှတ်ရတာ အကောင်းဆုံးဖြစ်လေပါပဲ။ တရားထူးတရားမြတ်ရတာကို ခဏထားလိုက်ပါဦး။ လူ့ဘဝသက်တမ်းကို ယေဘုယျခုနစ်ဆယ့်ငါး နှစ်နဲ့တွက်ရင် အသက် နှစ်ဆယ့်ငါးနှစ်အတွင်းဟာ တရားအားထုတ်လို့ ပထမအကောင်းဆုံးအရွယ်ပါ။ အသက်ငါးဆယ်အတွင်းဟာ တရားအားထုတ်လို့ဒုတိယအကောင်းဆုံးပါပဲ။ကျန်တဲ့ တတိယအရွယ်သက်တမ်းကိုတော့ ဆက်မပြောပါရစေနဲ့။ကိုယ့်အရွယ်ကိုယ် ပြန်ကြည့်ပြီး ဆုံးဖြတ်ဖို့ပဲ လိုပါတယ်။မြင့်မြတ်တဲ့ လူ့ဘဝကိုရလာတယ်။မြင့်မြတ်တဲ့လူ့ဘဝကို ရလာပြီးလူ့ဘဝရဲ့အနှစ်သာရဖြစ်တဲ့ ဝိပဿနာတရားလေးမှ အားထုတ်မသွားရဘဲ သေသွားမယ်ဆိုရင်လူ့ဘဝကို ရလာတာ ဘာမှအဓိပ္ပာယ်မရှိတော့ ပါဘူး။လူဆိုတာ သေမျိုးပါ။ မသေခင်လေးမှာ ဒီဝိပဿနာ တရားလေးတော့ ကုသိုလ်ဖြစ် လောက်ပဲဖြစ်ဖြစ်၊ဗဟုသုတဖြစ် လောက်ပဲ ဖြစ်ဖြစ်၊ပါရမီပါသွားအောင် အားထုတ်သွား သင့်ပါတယ်။ လောကီထဲ နေနေကြတာဆိုတော့ လောကီအာရုံတွေနဲ့တော့ ကင်းလို့မရပါဘူး။ဒါပေမဲ့ မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေ၊မန်ယူတွေ၊ အာစင်နယ်တွေ၊နှစ်လုံးသုံးလုံးတွေ၊ ရာထူးဌာနန္တရတွေ၊အပြန်အလှန် တုံ့ပြန်မှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေနောက် တကောက်ကောက်လိုက်နေရမှုတွေနဲ့တော့ အရွယ် သုံးပါးလုံးကိုအချိန်ကုန်မသွားသင့်ပါဘူး။ဒါတွေကို ဘဝရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ သဘောထားသင့်ပါတယ်။ဘဝရဲ့အဓိက အခန်းကဏ္ဍထဲမှာရှိမနေသင့်ပါဘူး။ ကဲ စာဖတ်သူ ဘယ်အရွယ်ဟာ တရားအားထုတ်လို့ အကောင်းဆုံးလဲလို့မေးလာခဲ့ရင် ပထမအရွယ်ပါပဲ။ ဘဝမှာတစ်ကြိမ်သာရတဲ့နုပျိုခြင်းကို ဝိပဿနာအရာမှာ ကောင်းကောင်းကြီး အသုံးချပစ်လိုက်စမ်းပါ။
mrcopy2110.blogspot.com
credit>>လမင်းငယ်(ဟုမ္မလင်း)
No comments:
Post a Comment